Home » » ရဲဒု-တပ်ကြပ်တစ်ဦး ကြိုးဆွဲချသေဆုံး

ရဲဒု-တပ်ကြပ်တစ်ဦး ကြိုးဆွဲချသေဆုံး

Written By Unknown on Thursday, August 8, 2013 | 10:42 PM

ရန်ကုန်၊ သြဂုတ် ၇

ရန်ကင်းမြို့နယ် အမှတ်(၁၆) ရပ်ကွက် တိုင်းအကူရဲတပ်ဖွဲ့ဝင်း အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်က အသက် ၃၆ နှစ်အရွယ် တိုင်းအကူရဲတပ်ဖွဲ့ဝင် ရဲဒု-တပ်ကြပ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အဆိုပါ ဝင်းအတွင်း နေထိုင်သူများထံမှ သိရှိရသည်။

ဒုတပ်ကြပ် အောင်စိုးမိုးသည် ဝန်ထမ်းလိုင်းအမှတ် ၅၃၊ အခန်း (ဃ) တွင် နေထိုင်ကာ လိုင်းခန်းအောက်ထပ်ရှိ ပျဉ်ဘားတန်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးသည်ကို ၎င်း၏ ယောက်ဖဖြစ်သူက စတင် တွေ့ရှိခဲ့ကြောင်း ယင်းလိုင်းခန်းတွင်းနေသူ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။

“သူတို့ မိသားစုက အကုန်လုံး ပုံမှန်အေးဆေးပါပဲ။ ဘာပြဿနာမှ မရှိပါဘူး။ ညပိုင်း ၁ နာရီကျော်တဲ့အထိ အရက်သောက်ခဲ့တာ။ ဒီနားမှာလည်း အရင်က ကြိုးဆွဲချတာ ဖြစ်ဖူးတယ်” ဟု အဆိုပါ အမျိုးသမီးက ထပ်မံပြောကြားသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျက်ရှိပြီး သေမှုသေခင်းအမှတ် ၈/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။

အလားတူ သြဂုတ်လ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်တွင် ရဲတပ်သားတစ်ဦး ယူနီဖောင်းဝတ်ဖြင့် ၎င်း၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကြံခင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ (The Voice Weekly Vol .9/ No. 30 တွင် သတင်းဖော်ပြပြီး )

The Voice Weekly