Home » » အငြိမ်းစား ကျောင်းဆရာတစ်ဦး နေအိမ်တွင်း သေဆုံး ပုပ်ပွ

အငြိမ်းစား ကျောင်းဆရာတစ်ဦး နေအိမ်တွင်း သေဆုံး ပုပ်ပွ

Written By Unknown on Monday, August 26, 2013 | 2:03 PM

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း အနီးရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အသက် ၇၄ နှစ်အရွယ် အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာ တစ်ဦး သေဆုံး ပုပ်ပွနေသည်ကို သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း ယင်းအမှု စစ်ဆေးသည့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ အငြိမ်းစား ကျောင်းဆရာမှာ ဦးအေးကိုဆိုသူ ဖြစ်ပြီး လူပျိုကြီး တစ်ဦး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် သုံးရက်ခန့်မှ စတင်ကာ အပြင်သို့ သွားလာခြင်း မတွေ့သဖြင့် တစ်ခြံတည်းတွင် နေသူ အမျိုးသားကြီး တစ်ဦး က အပုပ်နံ့ ရသောကြောင့် အိမ်သို့ သွားရောက် ကြည့်ရှုခဲ့ရာ အိပ်ရာ တွင် သေဆုံး ပုပ်ပွနေသည်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“သေတဲ့သူက အိပ်ရာပေါ်မှာ၊ အိပ်နေရင်း သေသွားပုံ ရတယ်” ဟု သွားရောက် စစ်ဆေးခဲ့သည့် ရဲအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

အဆိုပါ ခြံဝင်းတွင် အိမ်နှစ်လုံးရှိရာ ပျဉ်ထောင်အိမ် တစ်လုံးကို ခြံရှင် တပည့်ဖြစ်သူက သေဆုံးသူ အထက်တန်းပြ အငြိမ်းစားကို အခမဲ့ နေထိုင်စေ သည်မှာ ခုနစ်နှစ်ခန့် ရှိပြီး၊ ထိုသူကို တပည့်များက ဝိုင်းဝန်း စောင့်ရှောက် ထားကြောင်း အင်းစိန်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၅၈/၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အင်းစိန်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“သူက အသက်ကြီးတော့ သူငယ်ပြန်တဲ့ လက္ခဏာတွေ တွေ့ရတယ်၊ တူမကို အကြောင်းကြားထား ပေမယ့် အခုထိ ရောက်မလာသေးဘူး” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အလားတူ သြဂုတ် ၂၃ ရက်နေ့က ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူ ဘုရားကျောင်း အနီးရှိ ရှစ်ထပ်တိုက် လေးလွှာတိုက်ခန်းတွင် ကြိုးဆွဲ ချကာ သေဆုံး ပုပ်ပွနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက် အရ သိရှိရသည်။

The Voice Weekly