Home » » ပြည်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်မှတ်မရောက်နိုင်

ပြည်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်မှတ်မရောက်နိုင်

Written By Unknown on Monday, August 12, 2013 | 8:03 PM

မိုးအများဆုံး ရွာသွန်းခဲ့သည့် ဇူလိုင်လမှစ၍ မြင့်တက်လာသော ဧရာဝတီမြစ်ရေသည် ထပ်မံမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒရုံးမှ ဦးစီးအရာရှိက ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည်၂၅၄၃ စင်တီမီတာ ရှိနေပြီး သတ်မှတ်ထားသော စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာကို ရောက်ရှိရန် လိုသေးသည်ဟု ရုံးချုပ်က ခန့်မှန်းထားကြောင်း၊ ယခုလ ၁ ရက်နေ့တွင် မြစ်ရေသည် ၂၆၇၂ စင်တီမီတာအထိ မြင့်တက်ခဲ့သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“၁၉၇၄ ခုနှစ်နောက်ပိုင်းကတည်းက ပြည်မှာ စိုးရိမ်ရေမှတ် ရောက်ခဲ့တာ မရှိပါဘူး။ အခုက အထက်ပိုင်းမှာ မိုးရွာနေတော့ နောက်ထပ်မြစ်ရေ ထပ်တက်ဦးမှာပါ။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဝါဆိုလမှစပြီး ရေတက်လျက်ရှိပြီး လွန်ခဲ့သောသီတင်းပတ်အတွင် ပိုမိုတက်လာကြောင်း၊ ယခုရက်ပိုင်းအတွင်း အနည်းငယ် ပြန်ကျသွားကြောင်း ပြည်မြို့ ကမ်းနားလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ်မိုးရာသီတွင် ပြည်မြို့ရှိ ဧရာဝတီမြစ်ရေမှာ ဇူလိုင်လ ၂၉ ရက်နေ့က အမြင့်ဆုံး ၂၇၁၆ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒရုံးထံမှ စုံစမ်းသိရှိရသည်။

ရေဖုံးလွှမ်းခံရမှု အန္တရာယ် ကြုံတွေ့လာရသော ဒေသများတွင် ပြည်အပါအဝင် ဗန်းမော်၊ ကသာ၊ စစ်ကိုင်း (မုံရွာ)၊ မင်းဘူး၊ ဟင်္သာတ၊ ပဲခူးနှင့် ရန်ကုန်မြို့တို့တွင် ကြုံတွေ့နိုင်ပြီး ပဲခူးနှင့် ရန်ကုန် (မင်္ဂလာဒုံ) တွင် ကြုံတွေ့နိုင်မှု အမြင့်မားဆုံး ဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားရှိသည်။

The Voice Weekly