Home » » တပ်သိမ်းမြေမှ ဗိုလ်ချုပ်(ငြိမ်း) မြေသို့ ပြောင်းလဲသွားသည့် ပဲခူးမှ ခြံမြေ

တပ်သိမ်းမြေမှ ဗိုလ်ချုပ်(ငြိမ်း) မြေသို့ ပြောင်းလဲသွားသည့် ပဲခူးမှ ခြံမြေ

Written By Unknown on Friday, August 16, 2013 | 6:49 AM

ပဲခူး၊ သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဆပ်အင်းကျေးရွာ၊ ကျွဲဒညင်းကုန်း အပိုင်တွင် ယခင်က ပင်မ လက်နက် ခဲယမ်းမီးကျောက် တပ်ပိုင်က သိမ်းဆည်း ထားသည်ဟု နားလည် ထားသော်လည်း နိုင်ငံတော် သမ္မတကြီး၏ တပ်သိမ်းပိုင်မြေများ၊ စီမံကိန်း မဖော်ဆောင်ပါက မူလပိုင်ရှင်များထံ ပြန်လည်ပေး အပ်ရမည်ဟု မိန့်ခွန်းပြောပြီးနောက် ယင်းတပ်သိမ်းမြေမှာ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး အမည်ဖြင့် ဂရန်ထွက်နေ သည်ကို ထူးဆန်းစွာ တွေ့ရသည်ဟု ဆင်းရဲ နွမ်းပါးသူ ကိစ္စမှန်သမျှ ကူညီဆောင်ရွက်နေသူ ဦးကျော်ကျော် (မည်သည့် ပါတီဝင်မှ မဟုတ်သူ)က သြဂုတ်လ ၁၄ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းကဆက်၍ ““၉၀/၉၁တုန်းက ဒီရွာက လူတွေကို ပင်မ လက်နက် ခဲယမ်းမီးကျောက်တပ်က သိမ်းတယ် ဆိုပြီး အရင်နေလာခဲ့တဲ့ သူတွေကို မောင်းထုတ်တယ်။ နဂိုကတည်းက ပညာကနည်း၊ လူက ဆင်းရဲ၊ ပြန်ပြောဖို့ ဆိုတာ ဝေးရော။ ဟိုရောက် ဒီရောက်နဲ့ ထွက်ပြေးရတာ။ ဒီနောက် သမ္မတကြီးက တပ်စီမံကိန်းမြေကို မူလ ပိုင်ရှင်ကို ပြန်ပေးမယ်လို့ မိန့်ခွန်း ပြောပြီးတဲ့နောက် အရင်သိမ်းထားတဲ့ မြေတွေက အငြိမ်းစား ဗိုလ်ချုပ် သန့်ဆွေ က ပိုင်တယ်ဆိုပြီး ဂရန်ပါ ထွက်တယ်လို့ ပြောတယ်။ နောက် ဘူဒိုဇာနဲ့ထိုးတယ်””ဟု ပြောသည်။

ငယ်စဉ်ကတည်းက ယခု နေရာတွင် နေပြီး အသက် ၆၀ ကျော် ဦးဖိုးငိုကလည်း ““ကျွန်တော် ဒီမှာမွေးတာပါ။ နောက်တော့မှ ကြီးလေးကြီး ကတ္တရာလမ်း ပေါ်လာမှပဲ တန်ဖိုးကြီးကားတွေ ရောက်လာတယ်။ ခြံဝယ်မယ် ပြောတာနဲ့ပေါ့။ ဟိုတုန်းက တပ်သိမ်းမြေလို့ ကျွန်တော်တို့ကို ပြောတယ်။  ကာကွယ်ရေး ဦးစီးချုပ်က တပ်သိမ်းမြေတွေ စီမံကိန်းမဖော်ရင် ပြန်ပေးလည်းဆိုရော ခြံပိုင်ရှင် ပေါ်လာရော””ဟု ပြောသည်။

နအဖလက်ထက်က ရာအိမ်မှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ယခုလည်း ဆယ်အိမ်မှူး တာဝန်ယူနေသူ ဦးစန်းဦး ကလည်း ရွာ အခြေအနေကို ပြောပြရာမှာ ““သာယာကုန်းကျေးရွာ ဥက္ကဋ္ဌရယ်၊ ရယက စာရေးဦးသက်နိုင်ရယ်၊ ဗိုလ်ချုပ်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်လား မသိဘူး။ သူတို့ ရောက်လာတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ထင်တယ်။ အဲဒါအိမ်ကို ရောက်လာပေမယ့် အိမ်ထဲမ၀င်ဘူး။ ကားလမ်းမဘေးမှာ ကားကိုရပ်ပြီး ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။ ““ဒီခြံမြေက ဗိုလ်ချုပ်ဟောင်းတစ်ဦးရဲ့ ဂရန်ပိုင် ဖြစ်နေတယ်။ မင်းတို့ ဖယ်ပေးရမယ်လို့ ပြော တယ်”” ဟု ပြောသည်။

အမည်ပေါက် စလစ်ပြေစာ ထွက်နေသည့် ဦးစိုးဝင်းက ကွင်းအမှတ် (၁၁၇၇)၊ မြေ ၅ဧကတွင် စိုက်ပျိုးမြေ လွတ်နေသည့် မြေ ၂ ဧကကို ကျေးရွာလူကြီးထံ လှူဒါန်းပြီး နေစရာမရှိသော ရွာသားများအား တစ်ကွက်လျှင် ပေ (၇၀ x ၉၀) အကွက် ရိုက်ပေးသည်ဟု ပြောသည်။

အဆိုပါ တရားစွဲဆို ခံရသော ဦးစိုးဝင်းပါ ၆ဦးတွင် ဦးစိုးဝင်းအား ဦးအောင်မြင့်အေး (ဗိုလ်ချုပ် လူယုံဟု ထင်ရသူ)၊ ဘူဒိုဇာစက်မောင်း ထွန်းထွန်း၊ ခြံတာဝန်ခံ ကိုလားဆေး တို့ကိုလည်း ပြစ်မှု ပုဒ်မ ၄၄၂/၄၄၇ဖြင့် ပြန်လည် တရားစွဲဆို ထားသည်ဟု ဦးစိုးဝင်းက ထပ်မံပြောသည်။

မြန်မာသံတော်ဆင့်