Home » » စစ်တွေတွင် အခြေအနေများ ပြန်ငြိမ်သက်

စစ်တွေတွင် အခြေအနေများ ပြန်ငြိမ်သက်

Written By Unknown on Sunday, August 11, 2013 | 11:41 AM

ရန်ကုန်၊ သြဂုတ် ၁၀

ရဲကင်းစခန်းများကို မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့နယ် အုန်းတောကြီးကျေးရွာတွင် အခြေအနေများ ပြန်လည် ငြိမ်သက်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းအရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

အုန်းတောကြီးကျေးရွာနှင့် ဘောဒူဖ ဒုက္ခသည်စခန်းကြား ဆက်သွယ်ထားသည့်လမ်းကို ဘင်္ဂါလီများက အသုဘရှိသောကြောင့် ပိတ်ဆို့ထားခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက် ညနေတွင် ပြန်ဖွင့်ပေးမည်ဟု ပြောကြောင်း ၎င်းကပင်ဆိုသည်။

“မြို့ပေါ်မှာ မချထားဘူး။ ပြဿနာဖြစ်တဲ့ နေရာမှာပဲ ချထားတယ်။ လမ်းပိတ်ထားတာကလည်း အသုဘရှိလို့ ညနေကျရင် ဖွင့်ပေးမယ်လို့ ပြောတယ်” ဟု ဦးဝင်းမြိုင်က ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းတွင် တွေ့ရှိသော ဘင်္ဂါလီ အမျိုးသမီးအလောင်းကို စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များက ယူဆောင်လာစဉ် ဘင်္ဂါလီများကပေးရန် တောင်းရာမှ ပြဿနာများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ သုံးဦးရှိကာ သေဆုံးသူ မရှိကြောင်း အဆိုပါနေ့တွင် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၁၀ ရက်တွင် အခြေအနေများ ပြန်ငြိမ်သက်သွားပြီဖြစ်ပြီး အုန်းတောကျေးရွာဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားသည်ကို တွေ့ရှိရကြောင်း ဘောဒူဖဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးမောင်မောင်က ပြောကြားသည်။

“လုံခြုံရေးတွေတော့ ချထားတယ်။ တစ်ဖက်နဲ့တစ်ဖက် သတ်တာပုတ်တာတွေတော့ မရှိဘူး” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်က ပြည်ထောင်စုအဆင့် စီမံချက်ချကာ ဘင်္ဂါလီလူဦးရေ ကောက်ခံရာ ဘင်္ဂါလီနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုမှုကို ခွင့်မပြု၍ စာရင်းကောက်သည့် အဖွဲ့ကို တိုက်ခိုက်သဖြင့် စစ်ဆေးရေးအဖွဲ့ဝင် ရှစ်ဦး ဒဏ်ရာရကာ လူဦးရေစာရင်း ကောက်ခံမှုကို ယာယီရပ်ဆိုင်းခဲ့ရသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က ဘောဒူဖဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေး အဆောက်အအုံများ၏ အရည်အသွေးကို လာရောက် စစ်ဆေးသည့် ခရိုင်အင်ဂျင်နီယာမှူးနှင့် အဖွဲ့ကို ဘင်္ဂါလီ ၇၀ ဦးက တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကောင်းဆက်နိုင်

The Voice Weekly