Home » » ဒေါ်ဘောက်ဂျာအမှု ဖားကန့်တရားရုံးတွင် စစ်ဆေး

ဒေါ်ဘောက်ဂျာအမှု ဖားကန့်တရားရုံးတွင် စစ်ဆေး

Written By Unknown on Thursday, August 1, 2013 | 4:40 PM

လိုင်စင်မဲ့ ဆေးကုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီဝင် ဒေါ်ဘောက်ဂျာရဲ့အမှုကို  ဇူလိုင် ၃၁ ရက်နေ့က ဖားကန့်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

သူဟာ  ရွာသားသေဆုံးပြီး ၁ နှစ်အကြာမှာမှ   ပုဒ်မ ၃၀၄ အရ   လူသေမှု၊ ဆေးကောင်စီ ပုဒ်မ ၄၁ အရ အိမ်မှာ ဆေးတွေထားရှိမှု၊ လိုင်စင်မဲ့ဆေးကုသမှုတွေနဲ့  တရားစွဲခံရတာပါ။

ဖားကန့်တရားရုံးမှာ ရောက်ရှိနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ဆေးထိုးရာမှာ သေဆုံးခဲ့ရသူရဲ့ ဇနီးဖြစ်သူ ဒေါ်ကိုင်ခန် ကိုယ်တိုင် အမှုကို ရုပ်သိမ်းကြောင်း စာတင်ခဲ့သလို  တရားရုံးမှာလည်း ထွက်ဆိုခဲ့တဲ့အတွက် လူသေမှုကိစ္စ လွတ်မြောက်ဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

“၃၀၄ (က) အမှုမှာ အမျိုးသားသေတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ဒေါ်ဘောက်ဂျာကို အမှုရုပ်သိမ်းတဲ့ အကြောင်း ထွက်ဆိုသွားပါပြီ။ ရုံးအရှေ့မှာလည်း သူအမှုမဖွင့်လိုဘူး ဆိုတဲ့အကြောင်း၊ ရဲတွေက ခေါ်လို့ အမှုဖွင့်တယ် ဆိုတဲ့အကြောင်း၊ ကြောက်လို့ လက်မှတ်ထိုးရတယ်ဆိုတဲ့အကြောင်း သူက ရိုးရိုးရှင်းရှင်း အမှန်အတိုင်း အကုန်ထွက်ဆိုပါတယ်။ ထွက်ဆိုပြီးတော့ မြို့နယ်ဥပဒေရုံးကို သူကိုယ်တိုင်ပဲ ရုပ်သိမ်းလွှာ သွားတင်ပြီးပါပြီ။ မြို့နယ် ဥပဒေရုံးကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲကို လက်မှတ်ထိုးရဦးမှာပါ။ ရဲမြို့နယ်မှူးက လုပ်ထုံးလုပ်နည်းနဲ့ ထိုးပြီးမှ မြို့နယ် ဥပဒေအရ လက်မှတ်ထိုးပြီးရင် တရားရုံးကို တင်ပြီးရင် ရုပ်သိမ်းခွင့်ရမှာပါ။ ကျန်တဲ့နှစ်မှုက ရဲက တရားလို လုပ်ထားတဲ့အတွက် ရုပ်သိမ်းဖို့ မလွယ်ဘူး။ အမှုစစ်တဲ့အခါမှာလည်း သက်သေအထောက်အထား ခိုင်မာအောင် စစ်ပြီးရင်တော့ လွတ်နိုင်ခြေ ရှိပါတယ်။”

မနေ့က တရားရုံးမှာ တရားလိုပြသက်သေ ၆ ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် ဩဂုတ် ၂ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

ထိန်းသိမ်းခံနေရတဲ့ ဒေါ်ဘောက်ဂျာက “အခုကျမ မလွတ်မြောက်သေးပါဘူး/ ဒီကနေ့မှ ရုံးမှာ စစ်ဆေးမှုတွေ လုပ်တယ်။ တရားလိုဘက်က စစ်ဆေးတာတွေ လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် ကျမတို့ နိုင်ငံရေး လုပ်တဲ့လူတွေက ဒီလို ပြဿနာတွေက တရက်မဟုတ် တရက်ကြုံရမယ်ဆိုတာတော့ သိပြီးသားပါ” လို့ ပြောပါတယ်။

ဒေါ်ဘောက်ဂျာဟာ ဖားကန့်မြို့နယ် အောင်ရာရွာသားတွေကို ကျန်းမာရေးစောင့်ရှောက်ကူညီရာမှာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဆေးလာကုတဲ့ ရွာသားတဦး  သေဆုံးခဲ့တဲ့အပေါ် အကြောင်းပြုပြီး တရားစွဲခံထားရတာ ဖြစ်ပါတယ်။

လူနာရဲ့ မိသားစုဝင်တွေဟာ အမှုမလုပ်လိုပေမယ့် ကျေးရွာအာ ဏာပိုင်က အမှုဖွင့်ခိုင်းကြောင်း၊ ဒီနောက်ပိုင်း အမှုကိုကျေအေးခဲ့သလို တရားဥပဒေကြောင်းအရ ရုတ်သိမ်းဖို့လည်း  ဥပဒေချုပ်နဲ့ရော ရဲမင်းကြီးနဲ့ပါ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်။

ဒေါ်ဘောက်ဂျာဟာ ပြစ်မှုကင်းစင်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီးကာမှ ဇူလိုင် ၁၈ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့က မြစ်ကြီးနားမြို့မှာ ၀င်ဖမ်းခဲ့တာလို့ ဦးမြင့်သွင်က ပြောပါတယ်။

ဒေါ်ဘောက်ဂျာဟာ မြေယာ အသိမ်းခံရတဲ့ လယ်သမားတွေ လျော်ကြေးပြန်ရအောင် ဆောင်ရွက်ပေးခဲ့သလို ပြည်ထောင်စုကော်မရှင်မှာ   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးဟောင်း   ဗိုလ်ချုပ်အုန်းမြင့်ကို ကန့်ကွက်ခဲ့ကြောင်း၊ အဲဒါနဲ့ မရှေးမနှောင်း တရားစွဲခံရတာလို့ ဆိုပါတယ်။

 by နန်းမြနဒီ (ဒီဗွီဘီ)