Home » » ပုသိမ်မြေစာရင်းကို စသုံးလုံးစစ်ဆေး

ပုသိမ်မြေစာရင်းကို စသုံးလုံးစစ်ဆေး

Written By Unknown on Friday, August 23, 2013 | 4:08 PM

ရန်ကုန်၊ သြဂုတ် ၂၁

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူ တချို့က ၁၀၅ မြေပုံကို မြို့ကွက်ချ မြေပုံနှင့် မကိုက်ညီသည့် ဧရိယာများဖြင့် ရေးဆွဲကာ မြေကွက်များ လိမ်လည် ရောင်းချခဲ့မှုကို ပုသိမ်မြို့ စုံစမ်း စစ်ဆေးရေး အဖွဲ့က သြဂုတ်လ ၁၃ ရက်တွင် စတင် ခေါ်ယူ စစ်ဆေး ခဲ့ကြောင်းကို မြေကွက်လိမ်လည် ရောင်းချ ခံရသူ ဦးမိုးသီဟဇော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၁၉၉၇ ခုနှစ်တွင် ဦးမိုးသီဟဇော်က မြေကွက်အမှတ် D-17 နှင့်  D-328 ကို ၀ယ်ယူ ခဲ့ကြောင်း၊ မူလ ၀ယ်ယူစဉ်က မြေကွက်အမှတ် D-17 သည် ၁၀၅ မြေပုံပေါ်တွင် D-16 နှင့် D-18 ကြား တည်ရှိခဲ့ပြီး မြေကွက် အမှတ် D-328  သည် ၁၀၅ မြေပုံပေါ်တွင် D-327 နှင့် D-329 ကြား တည်ရှိ ခဲ့သော်လည်း အပြင် မြေပြင် အနေအထားတွင် မြေကွက်အမှတ် D-17 မြေပေါ်ရှိ ၁၉၉၆ ဟု ကမ္ပည်း ထိုးထားသည့် တိုက်တစ်လုံး တည်ရှိလျက် ရှိကြောင်း၊ ဦးမိုးသီဟဇော်၏ ဖခင် ဦးစိန်တင်နှင့် အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းဝင်း တို့က D-17 မြေကွက် အတွက် ငွေကျပ် တစ်သိန်းကို ၂၁-၈-၁၉၉၇ တွင် ငွေသွင်း ပြေစာ အမှတ် ၃၁၈ ဖြင့် ပေးသွင်းထား ကြောင်း၊ မြေကွက်အမှတ် D-328  သည် မဉ္ဇူ လမ်းမကြီးဘေးတွင် တည်ရှိပြီး ဦးသီဟဇော်၏ မိခင် ဒေါ်ခင်ပိုပို အမည်ဖြင့် ၂၁-၈-၁၉၉၇ ရက်၌ ငွေကျပ် ၁ သိန်းကို ငွေသွင်းပြေစာ အမှတ် ၃၁၅ ဖြင့် ပေးသွင်းထားကြောင်း၊ မြေကွက်အမှတ် D-387 ကို ၁၀၅ မြေပုံအတွင်း D-328 နှင့် D-329 ကြားသို့ စာရင်းထည့်သွင်းထားပြီး  အဆိုပါ D-387 မြေကွက ပိုင်ရှင်ဖြစ်သူ ဟိုးလိုက် အအေးခန်း တည်းခိုရိပ်သာ ပိုင်ရှင် ဦးကျော်ဌေး၏ အဆောက် အအုံသာ ဆောက်လုပ် ထားသည့် အတွက် သွားရောက် ကြည့်ရှုခဲ့ရာ မြေကွက်အမှတ် D-327 နှင့် D-329 ကြားတွင် D-387  သာရှိပြီး ၁၀၅ မြေပုံပေါ်တွင် ဦးသီဟမိုးဇော်၏ မိခင်ဝယ်ယူထား သည့် D-328 မြေကွက်သည် ပါရှိမှု မရှိတော့ကြောင်း စသည်ဖြင့် မြေကွက် လိမ်လည် ရောင်းချခံရမှုကို ဦးသီဟမိုးဇော်က ရှင်းလင်း ပြောကြား ခဲ့သည်။

““တခြားသူတွေ တစ်သိန်းပေး ၀ယ်တဲ့ အချိန်မှာ ကျွန်တော်လည်း တစ်သိန်းပေး ၀ယ်ထားတာ။ ကျွန်တော်တို့ မြေကြီး က မခိုးရင် ပျောက်စရာ မရှိဘူး။ ၂၀၁၂ ခုနှစ်က ကျွန်တော် ဂရန်လျှောက်တော့ မြေတိုင်း ကိုမျိုးဝင်းက ငွေသွင်း ပြေစာကိုပဲ ကိုင်ထားတဲ့။ ဂရန်လျှောက်ရင် အခု တိုက်ဆောက်ရမှာ ဆိုတော့ ပြေစာ ကိုင်ထားတာ အတူတူပါပဲ။ အခု ကျွန်တော်တို့ အကွက်က မြေပုံမှာရှိပြီး မြေပြင်မှာ ပျောက်နေတာ အမှုရင်ဆိုင်တော့ သက်သေ လိုက်တဲ့ မြေစာရင်းက ၁၀၅ မြေပုံကို ပြန်ပြင်ဆွဲပြီး ပြခဲ့လို့ ကျွန်တော်တို့ အမှု ရှုံးခဲ့တယ်။ အဲဒီ ပြတဲ့ မြေပုံမှာ ကျွန်တော့်အကွက် ပျောက်ပြီး ၃၈၇ အကွက်ဖြစ်နေတယ်။ ကျွန်တော်တို့ကို ရောင်းတုန်းက မြေပုံနဲ့ အဲဒီတုန်းက ပြခဲ့တဲ့မြေပုံ မတူဘူး”” ဟူ၍ ၎င်းက ထပ်မံပြော ကြားခဲ့သည်။

ထိုကဲ့သို့ မြေကွက် ပျောက်မှုနှင့် စပ်လျဉ်း၍ ဦးသီဟမိုးဇော်က တရားစွဲဆိုမှု ပြုလုပ်ခဲ့ရာ သက်သေ ထွက်ဆိုသည့် မြေစာရင်း ဦးစီးဌာနမှ ၁၀၅ မြေပုံကို မူလအကွက် ပါဝင်စဉ် မြေပုံကိုမတင်ပြဘဲ ၀ယ် ယူထားသည့် မြေကွက် မပါဝင်သည့် မြေပုံများကို ပြသခဲ့သဖြင့် အမှုရှုံး နိမ့်ခဲ့ရကြောင်း၊ ထို့နောက် စသုံးလုံး၊ ၀န်ကြီးချုပ်နှင့် လွှတ်တော် တိုင်းမြေစာရင်း၊ ခရိုင်မြေစာရင်းများသို့ တိုင်ကြားခဲ့ကြောင်း၊ လွှတ်တော်မှ ကွင်းဆင်း စစ်ဆေးကာ ဆက်လက် စစ်ဆေးရန် တင်ပြထားကြောင်း၊ နေပြည်တော် စသုံးလုံးမှ လာရောက် စစ်ဆေးခဲ့သော်လည်း အခြေအနေ ထူးခြားခြင်း မရှိခဲ့ကြောင်း၊ ယခုတိုင် စသုံးလုံး စစ်ဆေးမှုကို သြဂုတ်လ ၁၃ ရက်မှ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း စသည်ဖြင့် ၎င်းက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စသုံးလုံး စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ဖြေကြားမှု မပြုလုပ်နိုင်ကြောင်း၊ သိရှိလိုပါက ပုသိမ်သို့ လာရောက် မေးမြန်းပါရန်ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြို့နယ် မြေစာရင်း ဦးစီးအရာရှိ တစ်ဦးသို့မေးမြန်းခဲ့ရာ တရားဝင် စာဖြင့် မေးမြန်းရန် ဖြေကြားခဲ့သည်။

 ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စီးပွားဇုန်အတွင်း ချထားပေးခြင်း မပြုရသေးသည့် မြေနေရာများအနက်မှ မြေကွက် ပြန်လည် အစားထိုး ချထားပေးရန် မြေစာရင်းဌာနသို့ ညွှန်ကြား ထားကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပုသိမ်ရုံးမှ သိရှိရသည်။

နွေးနွေး

by မြန်မာသံတော်ဆင့်