Home » » မြေယာ ပြဿနာ အစိုးရဖြေရှင်းပုံ နှေးကွေးဟု သူရဦးရွှေမန်း ဝေဖန်

မြေယာ ပြဿနာ အစိုးရဖြေရှင်းပုံ နှေးကွေးဟု သူရဦးရွှေမန်း ဝေဖန်

Written By Unknown on Friday, August 30, 2013 | 10:27 AM

နေပြည်တော်၊ သြဂုတ်၂၉

တောင်သူလယ်သမားများထံမှ အာဏာပိုင် အဖွဲ့အစည်း အသီးသီးက သိမ်းယူထားသည့် မြေယာ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး အစိုးရ အဖွဲ့အစည်း အဆင့်ဆင့် ဆောင်ရွက် ဖြေရှင်းပေးမှု များသည် နှေးကွေးလွန်းကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားစဉ် ဝေဖန် ပြောကြားခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လယ်ယာမြေ ပြဿနာများနှင့် ပတ်သက်သည့် သဝဏ်လွှာ တစ်စောင် ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့၏ လယ်ယာမြေ ပြဿနာ ဖြေရှင်းပုံ နှေးကွေးခြင်း ကြောင့် တောင်းဆို ဆန္ဒပြမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီး ရိုးသားသော တောင်သူများ ဥပဒေကြောင်းအရ အရေးယူခံရခြင်း များကို တွေ့နေရကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

ယင်းမြေယာ ပြဿနာများကို အလျင်အမြန် ဖြေရှင်းရန်နှင့် လယ်ယာမြေ ပြဿနာများ ဖြေရှင်း ဆောင်ရွက်မှုကို လွှတ်တော်သို့ နှစ်လ တစ်ကြိမ် တင်ပြပေးရန် အစိုးရကို တိုက်တွန်းကြောင်း ယင်းသဝဏ်လွှာ တွင် ဖော်ပြ ပါရှိသည်။

“စိုက်ပျိုးစရိတ် ချေးငွေ နောက်ကျမှုကြောင့် တောင်သူတွေ အခက်ကြုံနေ ရတာလည်း ကျွန်တော်တို့ မြင်တွေ့နေရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြေယာပြဿနာ အများစုသည် ယခင် အစိုးရ လက်ထက် က ဆောင်ရွက်ချက်များကို မူတည်၍ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ယင်းမြေယာ ပြဿနာများကို အစိုးရက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် အတွက် တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကို အယုံအကြည် ကျဆင်းလာကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် တပ်မတော် အစိုးရ လက်ထက်က သိမ်းယူ ထားသော မြေဧက နှစ်သန်းကျော် ရှိပြီး ယခုအစိုးရသစ် လက်ထက်တွင် တပ်မတော်က ထပ်မံ သိမ်းယူထားသည့် မြေဧက သုံးသိန်းကျော် ရှိသည့် အနက် ၁၆ ပုံ တစ်ပုံကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

တပ်မတော် အစိုးရ လက်ထက်က စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့် ပေးထားသည့် လယ်ယာမြေများကို စီမံကိန်း လုပ်ဆောင်ခြင်း ရှိ မရှိ ပြန်လည် စိစစ်ကာ နိုင်ငံတော်က ပြန်လည် သိမ်းယူရန် ပြည်ထောင်စု လွှတ်တော်က အစိုးကို တိုက်တွန်းထားသည်။

The Voice Weekly