Home » » နယူးဇီလန်ထုတ် နို့ထွက်ပစ္စည်းများ တင်သွင်းခြင်း တရုတ် ထပ်မံ ပိတ်ပင်

နယူးဇီလန်ထုတ် နို့ထွက်ပစ္စည်းများ တင်သွင်းခြင်း တရုတ် ထပ်မံ ပိတ်ပင်

Written By Unknown on Tuesday, August 20, 2013 | 3:31 PM

ဘေဂျင်း၊ သြဂုတ် ၁၉

နယူးဇီလန်နိုင်ငံ Fonterra နို့ထွက် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီထုတ် နို့ထွက် ပစ္စည်းများတွင် လူကို အန္တရာယ်ဖြစ်စေသော ဗက်တီးရီးယားပိုးများ ပါသွားခဲ့ခြင်းကြောင့် အဆိုပါ ကုမ္ပဏီထုတ် နို့ထွက် ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ကို ယခုလ အစောပိုင်းက ပိတ်ပင်ခဲ့ ပြီးနောက် ယခု ထပ်မံ၍ နယူးဇီလန် နို့ထွက်ပစ္စည်း ထုတ်လုပ်သော Westland ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်းများတွင် နိုက်ထရိတ် ပမာဏ ပိုမို ပါဝင်နေသည်ကို တွေ့ရှိရပြီးနောက် အဆိုပါ ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်သွင်းခြင်းကို ပိတ်ပင်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

စမ်းသပ် စစ်ဆေးချက်များအရ တရုတ်သို့ တင်ပို့မည့် Westland ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း ဖြစ်သော lactoferrin တွင် နိုက်ထရိတ် ပမာဏမှာ ရှိသင့်သည်ထက် ပိုမို နေသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ပို့ကုန် တင်ပို့ခြင်းကို ပိတ်ပင်လိုက်ကြောင်း နယူးဇီလန်စိုက်ပျိုးရေး စည်းမျဉ်း ကြပ်မတ် ထိန်းသိမ်းရေး အဖွဲ့က ပြောကြားသည်။

Westland ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရာတွင် သုံးသည့် lactoferrin အတွဲ လေးတွဲမှ နှစ်တွဲကို တရုတ်သို့ သင်္ဘောဖြင့် တင်ပို့လိုက် ပြီ ဖြစ်ကြောင်း၊ သို့သော် စားသုံးသူများသို့ ဖြန့်ဖြူး ရောင်းချရခြင်း မရှိသေးကြောင်း နယူးဇီလန် အခြေခံ စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာ ဝန်ကြီး ဌာနက ပြောကြားသည်။

ယခုကဲ့သို့ Westland ထုတ် ပစ္စည်းများတွင် နိုက်ထရိတ်ဓာတ် ပါဝင်မှု မြင့်တက်နေကြောင်း ကြေညာချက်သည် လွန်ခဲ့သော သီတင်းပတ် များ အတွင်းက နောက်ထပ် နယူးဇီလန် ကုမ္ပဏီ တစ်ခု ဖြစ်သော Fonterra ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်းများတွင် လူကို အန္တရာယ်ဖြစ်စေသော ဘတ်တီး ရီးယားများ ပါဝင်သည်ကို တွေ့ရှိခဲ့အပြီး ထပ်မံ ထွက်ပေါ်လာခြင်းလည်း ဖြစ် သည်။

နယူးဇီလန် Westland ကုမ္ပဏီထုတ် ပစ္စည်း အားလုံးကို တရုတ်သို့ တင်သွင်းခွင့် ပိတ်ပင်ထားကြောင်း တရုတ် အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး အဖွဲ့က ပြောကြားသည်။

နယူးဇီလန် အစိုးရအနေနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ကို သေသေချာချာ စစ်ဆေးသွားရန် တရုတ်အစိုးရ၏ အထက်ပါအဖွဲ့က တိုက်တွန်းထားသည်။

The Voice Weekly