Home » » ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို

ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို

Written By Unknown on Thursday, August 8, 2013 | 12:13 AM

မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။

အခုလို ကလေးစစ်သားတွေ ပြန်လွှတ်ပေးတာကို ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Shalini Bahuguna က ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ စစ်တပ်အတွင်းမှာရှိတဲ့ ကလေးငယ်တွေအားလုံးကို အစုလိုက် ပြန်လွှတ်ပေးဖို့ အချိန်ကျနေပြီလို့တော့ သတိပေးပါတယ်။

တပ်တွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့အတွက်၊ တပ်တွင်းမှာ စာရင်းကောက်ခံမှုတွေကို အရှိန်မြှင့် ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုပါတယ်။

ဒါ့အပြင် အစိုးရတပ်ကမဟုတ်တဲ့ မြန်မာနိုင်ငံတွင်း အခြားလက်နက်ကိုင် တပ်တွေအတွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကိုလည်း ချက်ခြင်း ပြန်လွှတ်ဖို့ UNICEF ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၇ ခုဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုတာတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)