Home » » ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားမှုအပေါ် ပြန်လည်ရှင်းလင်းဖော်ပြချက်

ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားမှုအပေါ် ပြန်လည်ရှင်းလင်းဖော်ပြချက်

Written By Unknown on Tuesday, August 6, 2013 | 7:23 PM

ခိုနှုမ်းထုန်သတင်းဌာန(Chin News Group)၀က်ဆိုက်မှ ၂.၈.၂၀၁၃ ရက်နေ့ အင်တာနက်စာမျက်နှာ ပေါ်၏ ‘‘ဆင်းရဲမွဲတေမှုပပျောက်ရေး ထောက်ပံ့ငွေနဲ့ကျွန်းသစ်လဲလှယ်” ခေါင်းစဉ်ပါ သတင်းတစ်ခုတွင် ရေးသားဖော်ပြထားသည့် ကန်ပက်လက်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် သစ်ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် မနောဖြူစင်အေကေကုမ္ပဏီတို့သည် နီးစပ်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရက အရေးယူမှုမပြုလုပ်ရဲတာနေမှာပါဟု ပါရှိချက်သည် တစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအပေါ် ဖော်ပြစော်ကားထားခြင်းဖြစ်ပါသည်။

အဆိုပါသစ်ထုတ်လုပ်ရေးကုမ္ပဏီ၏ အမည်ကို မိမိ(သူရဦးအောင်ကို)အနေဖြင့် လုံးဝကြားသိဖူးခြင်းမရှိ သည့်အပြင် မည်သည့်အထောက်အထားများဖြင့် ခိုင်ခိုင်မာမာဖော်ပြပေးပို့ခဲ့၍ သတင်းဌာနတစ်ခုအနေဖြင့် ရေးသားဖော်ပြထားသည်ကိုလည်း အံ့သြမိပါသည်။ ယနေ့အချိန်ထိ မည်သည့်ပုဂ္ဂိုလ်/ကုမ္ပဏီကို ခုတ်ခွင့်ပေး နေမှန်းလည်း မိမိအနေဖြင့်မသိရှိပါ။ ပြည်နယ်အစိုးရ (သို့မဟုတ်) ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင့်နှင့် ခွင့်ပြုသောသစ်ထုတ်ခွင့်ပေးခြင်းသည် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ဆောင်ရွက်နိုင်သော ကိစ္စမဟုတ်သည့်အတွက် ပတ်သက်သိရှိစရာအကြောင်းမရှိပါ။

ထို့ပြင် ယခုလိုဒေသခံပြည်သူများ ခံစားကြုံတွေ့နေရပါက လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များမှတဆင့် အစိုးရအဖွဲ့သို့တင်ပြမေးမြန်းနိုင်ပါလျှက် တင်ပြခြင်းမရှိပဲ အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအမည်ဖြင့် ခိုနူမ်းထုန်သတင်းဝက်ဆိုက်တွင် မှတ်ချက်ဝင်ပေးထားသည်ကိုလည်း တွေ့ရှိ ရပါသည်။ 

မိမိသည် ချင်းပြည်နယ်ဒေသ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှင့်အညီ ပြည်နယ်၏အကျိုး၊ ဒေသ၏အကျိုးများကို ပျက်စီးရာပျက်စီးကြောင်း ယခုလည်းလုပ်မည်မဟုတ်၊ နောင်လည်းလုပ်မည်မဟုတ် ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားဘက်ကသာ ထာဝရရပ်တည်နေသည့်အတွက် မလိုလား သူများ(အချို့)က တိုက်ခိုက်ဝေဖန်သည်ဟု ယူဆမိပါသည်။

ယခု ခိုနှုမ်းထုန်သတင်းဌာန၀က်ဆိုက်၏ ပုဂ္ဂိုလ်ရေးဆန်ဆန်ဝေဖန်တိုက်ခိုက် သတင်းရေးသားဖော်ပြမှု အပေါ် ချင်းပြည်နယ် အစိုးရအဖွဲ့မှအမြန်ဆုံးစိစစ်၍ အရေးယူဖြေရှင်းပေးနိုင်ပါရန် အကြောင်းကြားအသိပေး ထားပြီးဖြစ်ပါကြောင်း ဖော်ပြရေးသားအပ်ပါသည်။

သူရဦးအောင်ကို
ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်