Home » » လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် မွန်ပြည်နယ်အစိုးရကို တွန်းအားပေး

လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် မွန်ပြည်နယ်အစိုးရကို တွန်းအားပေး

Written By Unknown on Tuesday, August 13, 2013 | 9:08 PM

မွန်ပြည်နယ်က ဒေသခံတောင်သူလယ်သမားတွေ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် ပြုလုပ်တဲ့လုပ်ငန်းမှာ အရှိန်အဟုန်နှေးနေသေးတဲ့အတွက် လာမယ့် အောက်တိုဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ မှတ်ပုံတင်တွေ ထုတ်ပေးဖို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်းတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဒီကနေ့မနက်ပိုင်းက မွန်ပြည်နယ်မော်လမြိုင်မြို့မှာ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့တာပါ။

တောင်သူတွေအနေနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် လက်ဝယ်ရရှိဖို့ ကြန့်ကြာနေတာဟာ သူတို့ရဲ့ ဘဝရပ်တည်မှုအပေါ် ထိခိုက်စေတယ်လို့လည်း ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

မွန်ပြည်နယ် တစ်ပြည်နယ်လုံးက လယ်ယာမြေတွေရဲ့ ၁၂ ရာခိုင်နှုန်းသာ လက်မှတ်ထုတ် ထားပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မော်လမြိုင် - မဲဆောက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ခဲ့ရင် ဒေသခံတွေအတွက် နိုင်ငံကူးလက်မှတ်တွေကို မော်လမြိုင်မြို့မှာတင် ထုတ်ပေးနိုင်အောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

RFA Burmese