Home » » အမိန့် ကြော်ငြာစာအချို့ မှားယွင်းစွာ ထုတ်ပြန်မိဟု အစိုးရ ဝန်ခံ

အမိန့် ကြော်ငြာစာအချို့ မှားယွင်းစွာ ထုတ်ပြန်မိဟု အစိုးရ ဝန်ခံ

Written By Unknown on Tuesday, August 6, 2013 | 10:45 AM

ရန်ကုန်၊ သြဂုတ် ၅

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ ထွက်ရှိပြီး နောက်ပိုင်း အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုသည့် လုပ်ငန်းဆိုင်ရာ အမိန့် ကြော်ငြာစာများ ထုတ်ပြန်ရာ မှားယွင်း ထုတ်ပြန်မိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနက ပြည်သူ့ လွှတ်တော်တွင် ဝန်ခံ ပြောကြား သည်။

သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ များ ထွက်ရှိပြီး နောက်ပိုင်းတွင် အစိုးရက ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ မှားယွင်းနေသောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာန က ရှင်းလင်းပေးရန် မေးခွန်း မေးမြန်းခဲ့ရာ ဝန်ကြီးဌာန ကိုယ်စား ဒုတိယ ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများတွင် လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေး၊ ပုံနှိပ် မီဒီယာလုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ရေး၊ ခေတ်မီ လယ်ယာ ဖော်ထုတ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ လုပ်ကိုင်မည့် အဆင့်မြင့် နည်းပညာလုပ်ငန်း များကို လုပ်ကိုင်ခွင့် ပြုထားခြင်း မရှိသော် လည်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများ၊ အမိန့် ကြော်ငြာစာများ တွင် ယင်းလုပ်ငန်းများ ပါဝင်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ပြောကြားသည်။

“ဥပဒေက ခွင့်ပြုမထားတဲ့ အချက်တွေကို အစိုးရ အမိန့် ကြော်ငြာစာအရ ခွင့်ပြုထားသလို ဖြစ်နေ တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အမိန့် ကြော်ငြာစာများ မှားယွင်းနေသည်ကို ဝန်ခံကြောင်း ယင်းအချက်များကို ပြန်လည် ပြင်ဆင်ရန် မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့နှင့် ဆွေးနွေး လျက် ရှိကြောင်း ဒေါက်တာ ဒေါ်ခင်စန်းရီက ရှင်းလင်း ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly