Home » » သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်း ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂါရဝပြု

သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်း ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂါရဝပြု

Written By Unknown on Sunday, August 4, 2013 | 10:58 AM

သံဖြူဇရပ်၊ သြဂုတ်၃

ဒုတိယကမ္ဘာစစ်တွင်း ဂျပန်တပ်မတော်က အာရှတိုက် စစ်အောင်နိုင်ရေးအတွက် ဖောက်လုပ်ခဲ့သော သေမင်းတမန် ရထားလမ်း ဖောက်ရာတွင် ကျဆုံးခဲ့သည့် ဗြိတိန်တပ်သားများနှင့် မဟာမိတ်တပ်သား သုံ့ပန်းများကို မြှုပ်နှံထားသော သံဖြူဇရပ် စစ်သင်္ချိုင်းကို ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုးလ်က လာရောက်ဂါဝပြုခဲ့ကြောင်း အဆိုပါ စစ်သင်္ချိုင်း စောင့်ရှောက်ရေး ကော်မတီမှ မန်နေဂျာ ရောဘတ်ထွန်းနွေက ပြောကြားသည်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုးလ်က သြဂုတ်လ ၃ ရက်နေ့တွင် မွန်ပြည်နယ်သို့ လာရောက်ခဲ့စဉ် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသဆိုင်ရာ ပါတီများကို တွေ့ဆုံအပြီးတွင် သံဖြူဇရပ်မြို့သို့ သွားရောက်ကာ ဂါရဝပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သင်္ချိုင်းတွင် ဂျပန် တပ်မတော်က သေမင်းတမန်ရထား လမ်း ဖောက်လုပ်ရာတွင် ဗြိတိန်တပ်သားများနှင့် မဟာမိတ်တပ်သားများကို အသုံးပြုခဲ့ပြီး သေဆုံးသူများကို ယင်းသင်္ချိုင်းတွင် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သချိုင်းကို ၁၉၄၆ ခုနှစ်တွင် မဟာမိတ်တပ်များက ပြန်လည် ဆောက်လုပ်ခဲပြီး ဂျပန်တပ်မတော်က ချွေးတပ်သားအဖြစ် ဖမ်းဆီးခိုင်းစေခဲ့သော ဗြိတိန်၊ ဒတ်ချတ်၊ သြစေတြေးလျ တပ်သားများကို မြှုပ်နှံခဲ့သည်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုလ်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပြီး မြန်မာပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများသို့ သွားရောက်မည် ဖြစ်ကြောင်း ဗြိတိန်သံရုံးမှ သိရှိရသည်။

The Voice Weekly