Home » » လယ်ယာမြေမှတ်ပုံတင်ရေးလုပ်ငန်း မအောင်မြင်

လယ်ယာမြေမှတ်ပုံတင်ရေးလုပ်ငန်း မအောင်မြင်

Written By Unknown on Friday, August 23, 2013 | 3:45 PM

လယ်ယာမြေဥပဒေနဲ့အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးတဲ့လုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးတဲ့လုပ်ငန်းဟာ နေပြည်တောင်ကောင်စီ နယ်မြေတခုတည်းမှာသာ ပြီးပြတ်သေးပြီး ကျန်တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မပြီးပြတ်သေးတဲ့အပေါ် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

သမ္မတခွင့်ပြုချက်နဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေကို ၂၀၁၂ စက်တင်ဘာ ၁၂ ရက် မှာ စတင်ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေ မှတ်ပုံတင်ခြင်းကို ဒီနှစ် မတ်လကုန်မှာ အပြီးဆောင်ရွက်ဖို့ လျာထားပေမယ့် အကောင်အထည်မပေါ်သေးတာပါ။

လယ်ယာမြေစီမံခန့်ခွဲမှု ဗဟိုကော်မတီမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးက ဒုတိယဥက္ကဋ္ဌ၊ ကြေးတိုင် နှင့်မြေစာရင်း ဌာနညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ကျန်တိုင်းနဲ့ ပြည်နယ်အားလုံး မပြီးပြတ်ရတာနဲ့ ပတ်သက်လို့ လယ်ယာမြေစီမံခန့်ခွဲမှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကြေးတိုင်နဲ့ မြေစာရင်းဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသတိုးအောင်က မပြီးပြတ်ရတဲ့ အကြောင်းတရား ပေါင်းစုံရှိတယ်လို့ ပြောပါတယ်။

“နှောင့်နှေးနေရတဲ့ အကြောင်းအရင်းက ချင်းပြည်နယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး တရွာနဲ့ တရွာကို တောင်တတောင် နှစ်တောင် ကျော်သွားရတဲ့ဟာမျိုးပေါ့နော်။ နောက် နယ်မြေဒေသ ငြိမ်းချမ်းမှု အခြေအနေအရဟာလေးတွေရှိတာပေါ့။ နောက်တခါ ငြိမ်းချမ်းရေး စကားပြောနေတဲ့ အခြေအနေမှာ ကျနော်တို့က လုပ်ငန်းတွေကို တချို့မှာ အထင်မှားမြင်မှားမရှိအောင် လုပ်ရတာလည်း ရှိတာပေါ့လေ။ နောက်တခါ ရေကြီးနစ်မြုပ် ဖြစ်တဲ့အတွက် ရေကြီးနစ်မြုပ်လုပ်ငန်းတွေကို ဦးစားပေး လုပ်နေရတာ ရှိတယ်။ ဘဏ်ချေးငွေပေးမယ်ဆိုတဲ့နေရာမှာ ဘဏ်ချေးငွေ လုပ်ငန်းတွေကို တောင်သူတွေကို ဦးစားပေးလုပ်ရတာတွေ ရှိတာပေါ့။ အခြေအနေအရပ်ရပ်ကတော့ အများကြီးရှိပါတယ်။”

ကြေးတိုင်နဲ့ မြေစာရင်းဌာနမှာ လူအင်အား မလုံလောက်ဘူးဆိုတာကို သူက ပြောဆိုပြီး ဒီစီမံချက်အတွက် ၀န်ထန်းအင်အား ၁၆၀၀ ထပ်ခန့်သလို အချိန်ပိုင်းဝန်ထမ်းတွေလည်း ခေါ်ယူလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ ယာယီညွှန်ချုပ်  ဦးလှကျော်က “အောက်မှာက ဦးပိုင်ကိစ္စလေးတွေ ရှင်းလင်းရမယ့်ကိစ္စတွေ ရှိကောင်း ရှိနိုင်တယ်။ အားလုံးတော့ မပြီးတာ မပြီးသေးတာပါ၊ အရှိန်အဟုန်နဲ့တော့ လုပ်နေတာပဲ၊ အောက်ခြေမှာ ရှင်းလင်းရမယ့်အပိုင်းလေးတွေရှိတော့ လုပ်တာကတော့ ၂၀၁၄ အတွင်းမှာ ပြီးအောင်တော့ လုပ်နေတာပေါ့” လို့ ပြောပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းက လယ်သမားရေးရာတာဝန်ခံ ဦးထွန်းမြင့်အောင်ကတော့ လယ်ယာမြေမှတ်ပုံတင်ကိစ္စ နှောင့်နှေးမှုတွေဟာ အဓိကအားဖြင့် အကျိုးစီးပွားပြဿနာကြောင့်လို့ ထောက်ပြပါတယ်။

“အတ္တအကျိုးစီးပွားတွေကြောင့် ဖြစ်တဲ့ ပြဿနာပါပဲ။ လယ်ယာသိမ်းဆည်းမှု ပြဿနာတွေက ၁ အချက် ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလတလျှောက်လုံး  ငွေရှင်ကြေးရှင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အာဏာရပုဂ္ဂိုလ်တွေ ပေါင်းပြီး ဒေသခံပြည်သူတွေအပေါ်မှာ မတရားသဖြင့် သိမ်းပိုက်ထားတဲ့ ပြဿနာတွေပဲ။ ဒါက  အကျိုးစီးပွားပြဿနာပါ။ အဲတော့ ဒီအကျိုးစီးပွားတွေကို ဒီနေ့အချိန်အခါမှာ နွမ်းပါးတဲ့ ကြွေးသံသရာလည်နေတဲ့ တောင်သူလယ်သမားတွေ ပြတ်ပြတ်သားသားကို စိတ်ပိုင်းဖြတ်ပြီး ပြန်ပေးသင့်ပြီ။ ဒါပေမယ့် အခုချိန်ထိ ရသလောက် ဖက်တွယ်ထားမယ်ဆိုတဲ့ ပြဿနာတွေကြောင့် အခုလို ဖြစ်နေတာ။”

မြန်မာနိုင်ငံမှာ ယခင်စစ်အစိုးရလက်ထက်က တနိုင်ငံလုံးအနှံ့ စစ်တပ်က သိမ်းဆည်းတဲ့ မြေဧကပေါင်း ၃ သိန်းလောက်ရှိတဲ့အနက် ဆယ့်ခြောက်ပုံတပုံကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ကတိပြုထားပြီးဖြစ်ပါတယ်။

သာယာဝတီခရိုင်က လယ်ယာမြေလေ့လာစောင့်ကြည့်သူတဦးဖြစ်တဲ့ အန်အယ်ဒီပါတီ ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်က တပ်သိမ်းမြေ၊ ကုမ္ပဏီသိမ်းမြေတွေကြောင့်သာ မှတ်ပုံတင်ရေးရှုပ်ထွေးတာမဟုတ်ဘဲ ဒီထက်ပိုမိုရှုပ်ထွေးတဲ့ အချက်တချက်ကို သူက ခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“လယ်ယာမြေကိစ္စတွေက အရှုပ်ဆုံးပဲ မြန်မာပြည်မှာ။ မဆလ ခေတ်တုန်းက တောင်သူလယ်သမားတွေကို တာဝန်ကျေစပါးဆိုတာ အစိုးရက ၀ယ်တယ်။ ၀ယ်တဲ့အခါမှာ တောင်သူလယ်သမားတွေက  ၁၀ ဧကရှိရင် ၅ ဧကလောက်ပဲ လယ်သမားစာအုပ်လုပ်တယ်။ စိုက်ပျိုးစရိတ် ချေးငွေကလည်း မဖြစ်စလောက်ပဲ ရတော့ လယ်သမားက ၁၀ ဧကရှိတာကို ၁၀ ဧက ရှိတယ်လို့ မဖော်ပြဘူး။ ဒီဘက်ခေတ်ရောက်လာတော့ တာဝန်ကျေမ၀ယ်တော့ဘူး။ ကိုယ့်လယ်ကိုယ်စိုက်ပြီး ကိုယ့်သီးနှံကိုယ်ရောင်းစားဆိုတော့ လယ်သမားက ၁၀ ဧကအမှန်ကို ပြန်ဖော်ချင်တဲ့အခါကျတော့ မြေစာရင်းနဲ့ စိုက်ဘဏ်မှာ သွားပြီး ပြဿနာတက်တယ်။ ကြားထဲမှာ အုပ်ချုပ်ရေးဘက်ကလည်း မမှန်မကန် ဆောင်ရွက်ထားတာတွေ ရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရယ်၊ စိုက်ဘဏ်ရယ်၊ မြေစာရင်းရုံးတွေကြားထဲမှာ စာရင်းအမှန်က မထွက်နိုင်ဘူးဖြစ်နေတယ်။ ဒါလည်း ပတ်လည် လည်နေတယ်။ လယ်သမားကလည်း ခေတ်ပြောင်းလာပြီဖြစ်တဲ့အတွက် သူ့အခွင့်အရေးအတိုင်း ၁၀ ဧက လိုချင်တယ်။ ဒီကလည်း မပေးနိုင်ဘူး။”

မနှစ် မတ်လ ၃၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြဋ္ဌာန်းခဲ့တဲ့ အခန်း ၁၃ ခန်းပါ လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရတဲ့ လယ်ယာမြေကို ဥပဒေနဲ့အညီ ရောင်းချတာ၊ ပေါင်နှံတာ၊ ငှားရမ်းတာ၊ ပေးကမ်းတာတွေ တရားဝင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရစေမှာ ဖြစ်ပါတယ်။

 by ​အေး​နိုင်  (ဒီဗွီဘီ)