Home » » ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် လူ ၇၀ ခန့် သေဆုံး

ပါကစ္စတန်တွင် မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် လူ ၇၀ ခန့် သေဆုံး

Written By Unknown on Sunday, August 4, 2013 | 8:33 PM

ပါကစ္စတန် နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ(၇၀)မျှ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပါကစ္စတန်၏ မုတ်သုံရာသီဥတု တစ်ကျော့ပြန် အစပြုချိန်တွင် ပန်ဂျပ်၊ ဆင်း၊ ခိုင်ဘာပက်တွန်ဝါ၊ ဘာလိုချီစတန်နှင့် အာဇက်ခါရှမီ ဒေသများတွင် ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက် များပြားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ အများစုသည် ရေလွတ်ရာ ကုန်းပြင်မြင့်များသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်။

ရေလွှမ်းမိုးမှု ကြီးကြီးမားမား ဖြစ်ပေါ်နေသော ကရာချိတွင် စနေနေ့က လူ(၁၄)ဦးထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါ ဆိပ်ကမ်းမြို့တွင် လမ်းများနှင့် တံတားများလည်း ပျက်စီးကုန်ကြောင်း အစိုးရ အရာရှိများက ဆိုသည်။ မိုးသည်းထန်မှုနှင့်အတူ လေပြင်းမုန်တိုင်းများလည်း တိုက်ခတ်ရာ ကရာချိတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ကုန်သည်။ ခိုင်ဘာပတ်တွန်ဝါတွင် အသေအပျောက်စာရင်း (၁၃)ဦး ရရှိထားပြီး ကလေး(၅)ဦး ပါဝင်ကြောင်း သိရသည်။ ကူချေးကလေး ဒေသတွင် အိမ်တစ်လုံး အမိုးပြိုကျရာ (၄)ဦးသေဆုံးပြီး (၁)ဦးကို ဆေးရုံ တင်ပို့ခဲ့ရသည်။

ဘက်ဂ်ခရိုင်တွင် လမ်းပေါ်မောင်းနေသော ကားများ ရေမျောသွားရာမှ လူ(၃)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘာလိုချီစတန်ရှိ ဂျာဟဲလ်မက်ဆီ ဒေသတွင် အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားရပြီး မြစ်ရေတား တမံများ ကျိုးပျက်ကုန်ပြီ ဖြစ်သည်။ လက်ရှိတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ရာသီဥတု ဆိုးရွားလွန်းသဖြင့် ခရီးမတွင်ချေ။ ကယ်ဆယ်ရေးများသည် ရော်ဘာလှေများကို အသုံးပြုကာ ရေဘေးကြုံနေသူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် ဦးစားပေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

Planet Myanmar Network