Home » » (၃)ကြိမ် အရွေးခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့ နယ်အာဏာပိုင်များ လက်မခံ

(၃)ကြိမ် အရွေးခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့ နယ်အာဏာပိုင်များ လက်မခံ

Written By Unknown on Friday, August 30, 2013 | 7:28 PM

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို (၃)ကြိမ်အထိပြုလုပ်ပြီး ကျေးရွာလူထုအကြိုက် အုပ်ချုပ်ရေးမှူးကို တင်မြှောက်နိုင်သော်လည်း ရွေးချယ်ပွဲရလာဒ်အား မြို့နယ်အာဏာပိုင်များက ထပ်မံငြင်းဆန်မည်ကို
ရွာလူထုက စိုးရိမ်နေ တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာတွင် ဒေသခံများကြိုက်နှစ်သက်၍ တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အား မြို့နယ်မှ အကြောင်းပြချက်မရှိပဲ တာဝန်မှရပ်စဲခဲ့သည်။ အုပ်ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်ရာတွင် ကျေးရွာဒေသခံ တို့သည် တာဝန်မှရပ်စဲသွားသည့် အုပ်ချုပ်ရေးမှူးကိုသာ ပြန်လည်တင်မြှောက်လိုကြ၍ သြဂုတ်လ ၄-ရက်နေ့ကပြုလုပ်ခဲ့သော အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ပွဲကို ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်အတွက် ရွေးချယ်ပွဲမဖြစ်မြောက်ပဲ ပျက်ပြားခဲ့ရသည်။

ဒုတိယအကြိမ် အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲ အသစ်ကို ၂၁-၈-၂၀၁၃ရက်နေ့တွင် ထပ်မံပြုလုပ်ခဲ့ရာ တာဝန်မှ ရပ်စဲခံထား ရသည့် အုပ်ချုပ်ရေးမှူးဟောင်းကိုပင် ကျေးရွာများကိုယ်စားပြု ဆယ်အိမ်ခေါင်း၃၂ဦးမှ ၃၂မဲပေးကာ ပြန်လည် ရွေးချယ်ခဲ့ကြ သည်။ ထိုသို့အနိုင်ရခဲ့သော်လည်း မြို့နယ်နှင့်ခရိုင်မှ အသိအမှတ်မပြုပဲ၊ ရွေးချယ်ပွဲရလာဒ်အား ငြင်းဆန်မည်ကို ဒေသခံတို့မှ စိုးရိမ်နေကြကြောင်းသိရသည်။ စိုးရိမ်ရသောအကြောင်းရင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသို့ ခရိုင်နှင့်မြို့နယ်မှ အာဏာ ပိုင်ပုဂ္ဂိုလ်များ လိုက်ပါမလာပဲ အောက်ခြေအဆင့်ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း(၆)ဦးကိုသာ စေလွှတ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ရွေးချယ်မှုရလာဒ်အား ငြင်းဆန်လိုက ငြင်းဆန်နိုင်ရန် ပရိယာယ်ဆင်ထားခြင်း မျိုးဖြစ်နိုင်ကြောင်း ဒေသခံတို့မှ သံသယ၀င်နေကြခြင်းဖြစ်သည်။

ခေါင်းကွဲရွာသားများ စိုးရိမ်ကြောင့်ကျသည့်အတိုင်း ဒုတိယအကြိမ်မြောက်ရွေးချယ်ပွဲရလာဒ်အား တံတားဦးမြို့နယ် အာဏာပိုင်များမှ အသိအမှတ်မပြုပဲ (၂၉-၈-၂၀၁၃)နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို တတိယအကြိမ်အဖြစ် ပြုလုပ် ခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်လည်း အရာရှိများ ပါမလာပဲ စာရေးဝန်ထမ်း(၃)ဦးကိုသာ စေလွှတ်ခဲ့သည်။ သို့ရာတွင် တတိယ မြောက် ရွေးချယ်ပွဲ၌လည်း ယခင်အရွေးခံရသော အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းခိုင်ကိုသာ ရပ်ရွာပြည်သူလူထုမှ ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ပြန်သည်။ ရပ်ရွာလူထုမှာ မိမိတို့အကြိုက် အုပ်ချုပ်ရေးမှူးကိုပင် ပြန်လည်တင်မြှောက်ခွင့်ရသဖြင့် ပျော်မြူး ကခုန်ခဲ့ကြသည်။

ထိုသို့ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မြို့နယ်မှ အသိအမှတ်ပြုလိုဟန် မရှိသောကြောင့် ယခင် ရွေးကောက်ပွဲများ ကဲ့သို့ အဖျားရှူးသွားမည်ကို ရပ်ရွာလူထုက စိုးရိမ်နေကြသည်။ အကယ်၍ ယခုရွေးကောက်ပွဲအား အသိအမှတ်မပြုခဲ့ပါက တရားဝင်ခွင့်ပြုမိန့်တင်၍ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရွာသူရွာသားများက တညီတညွတ်တည်းပြောဆိုနေကြသည်။ ဆန္ဒဖော်ထုတ်ခွင့်ရပါက ခေါင်းကွဲကျေးရွာမှ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးအထိ ခြေလျင်လျှောက်၍ ဆန္ဒဖော်ထုတ်သွား မည်ဟု သိရသည်။

 “အုပ်ချုပ်ရေးမှူး တရားဝင်ရွေးချယ်ခဲ့ပေမယ့် အသိအမှတ်မပြုတာ ရှက်စရာကောင်းပါတယ်၊ ဒုတိယအကြိမ်ရွေး ကတည်းက သူတို့ကိုယ်တိုင် အသိအမှတ်ပြုပါမယ်လို့ ကတိပေးခဲ့ပေမယ့် ခုတစ်ကြိမ်ပြန်ရွေးချယ်ရတယ်ဆိုတော့ စဉ်းစားစရာ တွေ ဖြစ်လာတယ်။ သူတို့သွားနေတဲ့ ဒီမိုကရေစီဆိုတာ လေပေါ်က သွားတာလား၊ မြေပြင်က သွားတာလား မေးလိုက် ချင်တယ်ကွယ်၊ ရွေးတိုင်းလည်း ဒီကလေးပဲ နိုင်နေတာကို အသိအမှတ်မပြုတာတော့ လွန်လွန်းအားကြီးသွားပြီ၊ အခုဟာက သူတို့လိုတဲ့လူကို လိုသလို ဆွဲသွင်းမယ့်ပုံစံဖြစ်နေတယ်၊ တစ်ရွာလုံးက ကြိုက်နှစ်သက်နေတဲ့သူကို အသိအမှတ်မပြုတဲ့ အကြောင်းကို သိချင်တယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ခေါင်းကွဲကျေးရွာကတော့ ပွင့်လင်းမြင်သာမှုမရသေးဘူးလို့ အဘအနေ နဲ့ ထင်တယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ နာယကတစ်ဦးက ပြောသည်။
“ဒီလိုဆက်လုပ်နေမယ်ဆို မခံနိုင်တော့ဘူး၊ အခုလည်း ၃၂ခေါင်းက ၃၂မဲပေးပြီးရွေးချယ်ခဲ့တယ်။ အရင်မဲအတိုင်းပဲ၊ ဒါကို အသိအမှတ်ပြုချင်ပုံမရဘူး။ ရပ်ရွာကောင်းကျိုးတွေ လုပ်နေလို့များ အသိအမှတ်မပြုတာလား၊ ရပ်ရွာအကျိုးပျက်စီးအောင် လုပ်တဲ့သူကို ဇွတ်တင်ပေးချင်တာလား၊ ဒီနေ့လည်း ရွာထိပ်မှာ ရဲတွေချထားတာ လုံးဝအမြင်မတော်ပါဘူး၊ သူတို့ရည်ရွယ်ချက် တွေကိုတော့ မသိရသေးဘူး။ အခုရွေးချယ်ပွဲကိုလည်း အသိအမှတ်ပြုမယ် မထင်ဘူး။ တရားဝင်ဆန္ဒဖော်ထုတ်ပြီး အသိအမှတ် ပြုအောင် လုပ်မှဖြစ်တော့မယ်” ဟု ခေါင်းကွဲရွာသား ဦးအောင်သန်းမှ ပြောသည်။

“ပြီးခဲ့တဲ့အခေါက်တုန်းကလည်း ဒီကောင်လေးကို ရွေးခဲ့တယ်၊ အခုလည်း ဒီကောင်လေးကိုပဲ အမေတို့နယ်က အကုန် ကြိုက်ကြတယ်။ ကြိုက်လို့လည်း အခုလို မဲတွေပေးကြတာပေါ့။ ဒီမိုကရေစီဆိုတာ မဲပေးတိုင်း မနိုင်ဘူးလို့ အမေ အမြင်ကို ပြောရတော့မယ်။ အရင်လို သူတို့လိုလားတဲ့လူကိုပဲ လက်ညှိုးထိုး ခန့်ချင်တဲ့စိတ်တွေရှိနေတယ်လို့ အမေ့စိတ်ထဲ တစ်ထစ်ချ ယုံကြည်နေတယ်။ အမေတို့ရွာ ခုချိန်ထိ ဒီမိုကရေစီ မရသေးပါဘူး။ အမေတို့က ကိုယ့်ရွာမှာကိုယ် ရိုးရိုးသားသား အေးအေး ချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတာပါ။ ဒါကို ကျေးရွာကြိုက် အုပ်ချုပ်ရေးမှူး ရွေးလို့ရတယ်ဆိုလို့ ကျေးရွာကြိုက်တဲ့လူကို တင်ပြန်တော့ တင်လို့မရပြန်ဘူး။ ကြာရင် ရွာက ကလေးတွေ ဒုက္ခရောက်ကုန်လိမ့်မယ်။ ဖမ်းတာ ဆီးတာတွေဖြစ်ရင် အမေတို့ ရင်ကျိုးရမှာ” ဟု ခေါင်းကွဲရွာသူ ဒေါ်ဌေးမှ ပြောသည်။

“စာရေးအဆင့်နဲ့ အုပ်ချုပ်ရေးမှူးလာရွေးတာကတော့ တအားလွန်သွားပြီ။ ဒီလိုပဲ မဲတွေမှတ်၊ ပြန်သွား။ ဘာမှ ပြောပိုင် ခွင့်မရှိ။ လုပ်ပိုင်ခွင့်မရှိတဲ့လူတွေကို ရွေးချယ်ခိုင်းလိုက်တော့ ကြာရင် မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာမှာ စိုးရိမ်နေရတယ်၊ ဖြစ်အောင်များ တမင်လုပ်နေတာလား မသိဘူး။ နယ်သူနယ်သားအချင်းချင်း ပြသနာဖြစ်အောင်။ စိတ်ဝမ်းကွဲအောင် လုပ်နေ တယ်လို့ ထင်တယ်။ ဘာလို့ထင်လဲဆိုတော့ တစ်ကြိမ်မကတော့ဘူး။ အကြိမ်ကြိမ်ဒီလိုဖြစ်နေတော့ အထက်လူကြီးတွေများ မသိ လို့လား။ ရိုးသားတဲ့တောသူတောင်သားတွေကိုများ အသုံးချနေကြတာလား။ ကျေးလက်က အုပ်ချုပ်ရေးမှူးတစ်ယောက် ရွေး ချယ်တာတောင် ဒါလောက်ခက်နေရင် နိုင်ငံတော်ရဲ့ရှေ့ဆက်ရမယ့် မူဝါဒ ဘယ်လိုမူဝါဒနဲ့သွားမယ်ဆိုတာတော့ သမ္မတကြီးမှ သိလိမ့်မယ်ထင်တယ်” ဟု ခေါင်းကွဲရွာမှ ဦးအောင်သန်းမှ ပြောသည်။

“အခုလည်း ရွေးလိုက်ပြန်ပြီဗျား။ သူတို့တော့ မသိဘူး။ ကျွန်တော်တို့ကတော့ ရှက်နေပြီ။ အခု နာယကတွေရွေးတာကို အသိအမှတ်ပြုမယ်လို့ မြို့နယ်က ပြောပြီးတော့ အခု ပြန်ရွေးခိုင်းတယ်၊ အခုရွေးတော့လည်း မြင်တဲ့အတိုင်းပဲဗျား။ ရွာသူ ရွာသား တွေက သောင်းသောင်းဖျဖျ ကခုန်ပြီး၊ ပန်းကုံးတွေစွပ် ပျော်မြူးနေလိုက်ကြတာ။ သက်ဆိုင်ရာအာဏာပိုင်တွေ မြင်စေ့ချင်တယ်။ ပြည်သူကတင်မြှောက်တဲ့လူကို အသိအမှတ်မပြုနိုင်ကြဘူးလား။ ပြည်သူ့အစိုးရဆိုတာ ပြည်သူတွေရဲ့အသံကို နားထောင်မယ် လို့ သမ္မတကြီးကပြောတယ်၊ ကျွန်တော်တို့ဆီမှာတော့ ပြည်သူ့အသံနားမထောင်ပါဘူး” ဟု ဦးမူးကပြောသည်။

မန္တလေးသတင်းထောက်များမှ ခေါင်းကွဲရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏သဘော ထားကို မေးမြန်းရန် တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့သော်လည်း လုံခြုံရေးကိစ္စဆွေးနွေးနေလို့ဟု အကြောင်းပြကာ သတင်းထောက်များအား တွေ့ဆုံခွင့်မပြုခဲ့ပေ။
ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ဖုန်းနံပါတ်(၀၆၆-၅၀၂၆၈)သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ခရိုင်အုပ်ချုပ်ရေး မှူး မရှိကြောင်းနှင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ဖုန်းနံပါတ်ကို မသိရှိကြောင်း ၀န်ထမ်းတစ်ဦးမှ ပြန်လည်ဖြေကြားခဲ့သည်။

ကိုကြီးသူရ(မန်း)

by Myanmar News Now