Home » » ကုမ္ပဏီနှင့် လယ်သမားတို့ မြေယာလျော်ကြေး အငြင်းပွားနေ

ကုမ္ပဏီနှင့် လယ်သမားတို့ မြေယာလျော်ကြေး အငြင်းပွားနေ

Written By Unknown on Thursday, August 22, 2013 | 1:03 PM

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အပြင် ပဒံကျေးရွာမှ လယ်သိမ်းခံ လယ်သမားများနှင့် သိမ်းထားသည့် ကုမ္ပဏီ အကြား လျော်ကြေးပေးမှု မပေးမှုနှင့်ပတ်သက်ပြီး အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပွားနေသည်ဟု ကုမ္ပဏီနှင့် လယ်သမားတို့က ပြောသည်။

လယ်သမား၂၅ ဦး ပိုင်ဆိုင်သော ယင်းကျေးရွာမှ လယ်မြေ ၁၁၁ ဧကကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီက လယ်မြေများအားလုံးအတွက် လျော်ကြေးပေးပြီးပြီဟု ဆိုသော်လည်း လယ်သမားများကမူ လျော်ကြေး အပြည့်အစုံ မရရှိသေးဟု ဆိုသည်။

လျော်ကြေးမရသေးသည့် လယ်သမားမှာ သုံးဦးရှိပြီး လျော်ကြေးပေးသည့် ပမာဏကို ကျေနပ်ခြင်းမရှိ၍ မယူခြင်းဖြစ်သည်ဟုလည်း ယင်းကိစ္စတွင် လယ်သမားအရေး ဆောင်ရွက်ပေးနေသည့် လယ်သမားကို ကြည်ရွှင်က မဇ္ဈိမကို ပြောသည်။

လျော်ကြေးမယူသော လယ်သမား သုံးဦးမှာ ယခုရက်အတွင်း ကုမ္ပဏီက သိမ်းထားသည့် မြေပေါ်တွင် ခြံစည်းရိုး ခတ်ထားခြင်းကို ဖျက်ခဲ့ခြင်းကြောင့် သြဂုတ် ၂၁ ရက်တွင် တရားစွဲဆိုထားသည်ဟုလည်း မြေသိမ်းသည်ဟု စွပ်စွဲခံရသည့် ချင်စုကုမ္ပဏီက ဆိုသည်။

ချင်စု ကုမ္ပဏီမန်နေဂျာက “ကျွန်တော်တို့ကုမ္ပဏီက လယ်သမားတွေရဲ့ နစ်နာကြေးကို ၂၀၁၃ ခုနှစ် နှစ်ဆန်းက လယ်ယာမြေစုံစမ်းရေးကော်မရှင်နဲ့ ပူးပေါင်းပြီး လယ်ဧက ၁၁၁ ဧကလုံးကို ပေးပြီးသွားပါပြီ။ အခုက ကျွန်တော်တို့ ခြံစည်းရိုးခတ်ထားတာကို အတင်းဝင်လာပြီး ဖျက်တယ်။ အဲဒီအတွက် ဦးဆောင်ဝင် လာတဲ့သူကို ကျွန်တော်တို့ ဘက်က ဥပဒေအကြောင်းအရ လုပ်ထားပါတယ်”ဟု ပြောသည်။

လယ်မြေများကို လျော်ကြေးပေးရာတွင် ယခုနှစ်ဆန်းတွင် တစ်ဧကလျှင် ၃၆ သိန်းနှုန်းဖြင့် လျော်ကြေးပေးခြင်းဖြစ်ကာ ၂၁ ဧကမှအပ ကျန်ဧကများကို လျော်ကြေးပေးပြီးဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းထားသည့် မြေဧက သိန်းချီရှိနေကြောင်း လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ဇွန်လအတွင်းက မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

အေးအေးကျော်
Mizzima - News in Burmese