Home » » စည်ပင် ရေမြောင်းများပေါ်တွင် ကျူးကျော် ကွန်ကရစ် ခင်းထားသူများ စာရင်းကောက်

စည်ပင် ရေမြောင်းများပေါ်တွင် ကျူးကျော် ကွန်ကရစ် ခင်းထားသူများ စာရင်းကောက်

Written By Unknown on Friday, August 16, 2013 | 7:34 PM

မန္တလေးမြို့တော်တွင် မိုးရွာသွန်းချိန်၌ ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်သည့် မြို့နယ် သုံးခုရှိ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ပိုင် ရေမြောင်း များပေါ်တွင် မြောင်းဆယ်၍ မရအောင် ကွန်ကရစ် တုံးများဖြင့် အသေ ဖုံးအုပ်ထားမှုများကို လိုက်လံ စာရင်းကောက်ယူလျက် ရှိကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းကဲ့သို့ စာရင်း ကောက်ယူနေသော မြို့နယ်များမှာ အောင်မြေသာ စံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ ဖြစ်ပြီး ယင်းမြို့နယ်ရှိ နေအိမ်ရှေ့ မြောင်းပေါင်ပေါ် အသေ ဖုံးအုပ်ထားခြင်းမှ ဖယ်ရှားပေးရန် အကြောင်းကြားထားကာ ဆောင်ရွက်ခြင်း မရှိသည့် နေ အိမ်များကို စာရင်းကောက်ကာ စည်ပင်သာယာရေး ကော်မတီသို့ တင်ပြမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

“မိုးရွာပြီဆိုရင် ရေလျှံမှာ စိုးလို့ ရေမြောင်းတွေ လိုက်ဆယ်တော့ မှ မြောင်းတွေ ကို ဖွင့်လို့ မရအောင် အသေပိတ်ထားတာ တွေ့လို့ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ပြင်ရမယ်လို့ ညွှန်ကြား ထားတာပါ။ လုပ်တဲ့သူကလည်း လုပ်ပါတယ်။ ဒါပေမဲ့ နည်းသေးတယ်။ ဒီနေ့အထိကို ပြန်မပြင်ရသေးတဲ့ အိမ်တွေ ရှိသေးတယ်။ ဒါပေမဲ့ အရေးမယူသေးဘူး။ စောင့်ကြည့်ဦးမယ်” ဟု ၎င်းက ဆိုသည်။

ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်တို့တွင် အဓိကကျသည့် လမ်းမများ ရှိသည့်အတွက် ယင်းနေရာများတွင် ရေကြီး ရေလျှံ ဖြစ် ပွားမှု လျော့နည်းစေရေး စာရင်းကောက်ယူလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မတို့ ရပ်ကွက်ထဲမှာတော့ တချို့အိမ်တွေက ကွန်ကရစ်နဲ့ ဖွင့်လို့မရအောင် အသေအုပ်ထားတာ ရှိတယ်။ တချို့ကလည်း ကွန်ကရစ် တစ်ချပ်စာလောက် ဖွင့်ထားတာ ရှိတယ်။ မိုးမရွာနဲ့၊ ရွာလိုက်တာ နဲ့ ရေလျှံတာပဲ” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

မြောင်း အသေပိတ်ထားခြင်းကို ဖယ်ရှားရန် အကြောင်းကြားပြီး လိုက်နာမှု မရှိသည့် နေအိမ်များကို ဒဏ်ငွေ ကျပ် တစ်သောင်းမှ ငါးသောင်း ထိ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဒဏ်ငွေဆောင်ပြီး နောက် လိုက်နာခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိရပါက စည်ပင်သာယာရေး အက် ဥပဒေအရ ပုဒ်မ ၂၄၊ ၂၅၊ ၂၆ အရ ထောင်ဒဏ် သုံးလမှ တစ်နှစ်ထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သန့်ရှင်းရေးဌာနမှ ထပ်မံ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် သြဂုတ်လ ၁၃ ရက်နေ့အထိ ကောက်ယူ ထားသော စာရင်းများအရ ရေမြောင်းများကို ကွန်ကရစ် အသေ ဖုံးအုပ် ထားသူ ၁၅ ဦးခန့် ရှိပြီး ပြန်လည် ပြင်ဆင်ထားသူမှာ သုံးဦးခန့်သာ ရှိသေးကြောင်း အဆိုပါဌာနမှ ထပ်မံ သိရသည်။

The Voice Weekly