Home » » ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်

ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်

Written By Unknown on Tuesday, August 27, 2013 | 7:42 PM

ကျောင်းထိုင် ဆရာတော်တစ်ပါး ကြိုးဆွဲချပြီး မိမိကိုယ်ကိုအဆုံးစီရင်သည့် အမှုအခင်းတစ်ခု သြဂုတ် ၂၅ ရက်က ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းအမှုသည် ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ “သဲချောင်း” ဘုန်းတော်ကြီးကျောင်း တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၅ ရက် နံနက် ၇ နာရီတွင် ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ရဲများ၏ စုံစမ်းစစ်ဆေးချက်များအရ ကြိုးဆွဲချသဖြင့် ပျံလွတ်တော်မူသွားသည့် ဆရာတော်သည် ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဖြစ်ပြီး ၀ါတော် ၁၀ ၀ါ၊ သက်တော် ၃၀နှစ် ရှိသည့် ဦးဗုဒ္ဓ၀ံသဖြစ်ကြောင်း အတည်ပြုထားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဌေးအောင်က “ဘာကြောင့် သတ်သေ တယ်ဆိုတဲ့ အကြောင်းရင်းကတော့ စစ်ဆေးနေတုန်းပဲ။ အဲဒီသံဃာဟာ စိတ်ကျန်းမာရေး ဆေးရုံက ဆင်းလာတယ် ဆိုတာကိုလည်း တွေ့ရှိထားပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထိုဆရာတော်သည် ဘုန်းကြီးကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်ပြီး အခင်းဖြစ်သည့်နေ့က ကျောင်းအောက်ထပ် အခန်းတွင်းရှိ အမြင့်ရှစ်ပေကျော်သော ထုတ်တန်းတွင် ဧကသီ ကိုယ်ရုံသင်္ကန်းကို ကြိုးအဖြစ် အသုံးပြုကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

ဆရာတော်၏ ရုပ်ကလာပ်တွင် ကြိုးဆွဲချသေဆုံးသည့် လက္ခဏာမှလွဲ၍ ကျန်ဒဏ်ရာဒဏ်ချက်များ မတွေ့ရသော်လည်း အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကာ မှုခင်းဆရာဝန်ဖြင့် စစ်ဆေးနေကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုကို သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ဖြင့် ရွှေပြည်သာရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု ရဲဌာနကဆိုထားသည်။

ထိုတစ်နေ့တည်းတွင်ပင် အလားတူ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သည့်အမှုအခင်းတစ်ခု ကော့မှူးမြို့နယ်၊ လက်ခိုင်ရွာတွင် ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၃ဖြင့် အမှုဖွင့် ထားသည်။ ထိုအမှုတွင် သေဆုံးသူသည် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်းသည် ဇနီးသည် နှင့် စကားများထားသည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်များတွင် တွေ့ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese