Home » » ကလေးမြို့တွင် ဆူဒိုအက်ဖီဒရင်းဆေးပြား တစ်သန်းခွဲကျော် ဖမ်းမိ

ကလေးမြို့တွင် ဆူဒိုအက်ဖီဒရင်းဆေးပြား တစ်သန်းခွဲကျော် ဖမ်းမိ

Written By Unknown on Monday, August 26, 2013 | 9:27 PM

ရန်ကုန်- ကလေးနှင့် တမူးခရိုင်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က စစ်ဆေးအရေးယူပြီးသည့်နောက် ပမာဏအများဆုံး ဖမ်းဆီးနိုင်မူအဖြစ် ကလေးမြို့တွင် သြဂုတ် ၂၄ ရက် ညက စိတ်ကြွရူးသွပ်ဆေးပြား သန်းချီ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညက ကလေးမြို့မှ ထူးဆီဆိုင်ပိုင် ဆီဘောက်ဆာကားပေါ်ရှိ ပီပါအလွတ်ထဲတွင် ကာလတန်ဖိုးကျပ် သိန်းတစ်ထောင့်ငါးရာကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား တစ်သန်းငါးသိန်းလေးထောင်ကို အထုပ်ခုနစ်ထုပ်ခွဲ၍ သယ်ဆောင်လာစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ခိုင်မာတဲ့သတင်းရလို့ တမူး-ကလေး ကားလမ်းပေါ်မှာ စောင့်ပြီးဖမ်းတာပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စစ်ဆေးချက်အရ ဆေးပြားတွေသယ်ခိုင်းတဲ့ လုပ်ငန်းရှင်နှစ်ယောက်ကိုပါ အမှုဖွင့်ထားပြီး တစ်ယောက်ကိုတော့ ညတွင်းချင်း ထိန်းသိမ်းလိုက်နိုင်ပါတယ်”ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဆီတင်ဘောက်ဆာကားကို မောင်းနှင်လာသူ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်အပြင် တမူးမြို့မှ ဦးညီညီအောင်ဆိုသူကိုပါ ဖမ်းဆီးထိန်းသိမ်းထားပြီး ကလေးမြို့မှ ဦးမင်းလွင်ဆိုသူကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါအမှုကို ကလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်လှခိုင်က တရားလိုပြုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၁ ဖြင့် အမှုဖွင့်ကာ ကလေးမြို့မရဲစခန်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ကလေးနှင့် တမူးခရိုင်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲချုပ် ဦးဆောင်ကာ ၂၀၁၃ ဇွန် ၁၅ မှ ဇူလိုင် ၁၅ ရက်အထိ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းစီမံချက်နောက်ပိုင်း ပမာဏအများဆုံး ဖမ်းဆီးရမိမှုအဖြစ် သြဂုတ်လဆန်းပိုင်းက ကျပ်သိန်း ၆၆၀ ကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးနိုင်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

7Day News Journal