ရန်ကုန်မြို့လယ်မှ ဈေးဝယ်စင် တာကြီး တစ်ခု၏ မြေညီထပ်တွင် ထုံးစံ အတိုင်း လူများဖြင့် စည်ကားလျက်ရှိနေ သည်။ အတွင်းသို့ ဝင်သွားသည်နှင့် မွှေး ပျံ့နေ သည့် ကော်ဖီရနံ့၊ ထောပတ် ပေါက်ပေါက်ရနံတို့က နှာခေါင်းအတွင်း သို့ စူးရှစွာ ဝင်ရောက်လာသည်။
မလှမ်းမကမ်းရှိ စင်မြင့်များပေါ်၌ အစီအရီ ခင်းကျင်းထားသော အလှပြင် ပစ္စည်းများကို အမျိုးသမီးငယ် အများ အပြား စိတ်ဝင်တစားကြည့်ရှုနေသည်။ ထိုနေရာမှ ရှေ့သို့ ဆက်လျှောက်သွား ပါက အအေးခန်းများအတွင်း၌ ဖော့ဘူး များဖြင့် သေသပ်စွာ စီရီထည့်ထားသော အသားစိမ်းများကို အိမ်ရှင်မများသဘော တွေ့စ ရာမြင်တွေ့ရမည်ဖြစ်သည်။ယင်း နံဘေးတွင်မူ ကိုရီးယားဇာတ်ကားများ နှင့်အတူ ခေတ်ရေစီးကြောင်းအရ ပြည် တွင်း၌ တွင်ကျယ်စွာ စားသုံးလာသည် မှာကြာမြင့်နေပြီဖြစ်သော အကင်မျိုးစုံ။
”အသားစိမ်းတွေကတော့ သုံးရက် လောက် ရေခဲသေတ္တာထဲ ထည့်ပြီး စား လို့ ရတယ်။ ကုန်ဆုံးရက်ပါတယ်။ အဲဒီ နေ့ မတိုင်ခင် ရောင်းကုန်ပါတယ်။ အ ကင်တွေက တစ်လခံတာလည်းရှိတယ်။ နှစ်လခံတာလည်းရှိတယ်”ဟု အရောင်း စာရေးက ၄င်းတို့ရောင်းချနေသော အ သားများနှင့်ပတ်သက်၍ ရှင်းပြသည်။
သူမ၏ ပြောပြချက်အရ တာရှည် ခံ ဆေး၏ အစွမ်းထက်မှုဖြင့် နှစ်လ အ ထိခံသည့် အသားပြားများပင် မြန်မာ ပြည်၌ ထုတ်လုပ်ရောင်းချနေပြီဟု သိ ရသည်။
တာရှည်ခံသည်က ကောင်းသည်။ သို့သော်နောက်ဆက်တွဲပြဿနာများ ပေါ် လာနိုင်၏။ သတ်မှတ်ထားသည့် စည်း မျဉ်းစည်းကမ်းများနှင့် မကိုက်ညီသော တာရှည်ခံဆေး၊ဓာတုဆိုးဆေးများ အသုံး ပြုထားသောအသားများ၊ ရေခဲသေတ္တာ အတွင်းတွင် သတ်မှတ်ရက်ထက် ကျော် လွန်စွာ ကြာရှည်ထည့် သွင်းထားသော အသားများကို အလွန်အကျွံစားသုံးလျှင် မူအသက်ပေးရမည့်ကင်ဆာရောဂါ ဖြစ် လာနိုင်သည်ဟု စားသုံးသူကာကွယ်ရေး အသင်းမှဥက္ကဋ္ဌဦးဗအုပ်ခိုင်ကပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ် တမ်းများအရလည်း လူလေးဦးတွင် တစ်ဦးမှာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပြီး လူတိုင်းတွင် ကင်ဆာရောဂါ ဖြစ်နိုင်မှု ၂၅ ရာခိုင်နှုန်းခန့်ရှိ သည်ဟု ဆိုသည်။
”မြန်မာမှာ ကင်ဆာဖြစ်တာက တော့ အစားအသောက်ကြောင့် ဖြစ် တာများလိမ့်မယ်”ဟု ဦးဗအုပ်ခိုင်က သုံးသပ်သည်။
ပိုးသတ်ဆေး ဓာတ်ကြွင်းများသော ဟင်းသီးဟင်းရွက်၊ မျိုးရိုးဗီဇပြုပြင်ထား သည့် အစားအသောက်၊ အကင်များ၊ ဆားနှင့် ပြုပြင်ထားသည့် စားသောက် ဖွယ်ရာများ၊ ငါပိ၊ ငါးခြောက်၊ ငံပြာရည် တို့မှာလည်း ကင်ဆာရောဂါကို ဖိတ် ခေါ်ရာ ရောက်သည်ဟု၎င်းက ပြော သည်။
”ဆားနဲ့ ပြုပြင်လိုက်တဲ့အတွက် မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်လာတယ်။ အဲဒီထဲမှာ ကင်ဆာ ဖြစ်စေတဲ့ ပိုးတွေ ပါလာတယ်”ဟု ၄င်း က ဆက်ပြောသည်။“
အရက်၊ ကွမ်း၊ ဆေးလိပ်၊ အဆီ များသည့် အစားအသောက်များ စားသုံး မှုကြောင့် ကင်ဆာဖြစ်ပွားနိုင်သလို အာဟာရချို့တဲ့မှုကြောင့်လည်း ကင် ဆာ ဖြစ်နိုင်ပြန်သည်ဟု အသည်းရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသံ စစ်က ထပ်လောင်းပြောသည်။
အစားအသောက်ကြောင့် အ သည်း၊ အူမကြီး၊ ကျောက်ကပ်၊ သရက် ရွက်၊ အစာအိမ်၊ ပါးစောင်၊ လျှာ၊ နှာ ခေါင်း၊ သွားဖုံး၊ အာခံတွင်း၊ လည် ချောင်း၊ အဆုတ်၊ အရိုး၊ သားဥအိမ်၊ သားအိမ်ခေါင်းနှင့် ရင်သားကင်ဆာ များဖြစ်နိုင်သည်။ လူတစ်ကိုယ်လုံးတွင် ကင်ဆာမဖြစ်နိုင်သည့် နေရာမှာ ဆံပင်၊ လက်သည်း၊ ခြေသည်းနှင့် သွားသာ ရှိ သည်။
ဆိုးဆေးများကြောင့် ကင်ဆာဖြစ် ပွားမှုကို သာဓက ပြပါဆိုလျှင် တရုတ် ပြည်ကိုသာ ထိုးပြရမည်ဖြစ်သည်။ တ ရုတ်ပြည်တွင် အရောင်အဆင်း လှပ သည့် အစားအသောက် ပေါသည်။ မွှေး ပျံ့သည့် ရနံ့များကို ထည့်သွင်းကြသည်။ ယင်းကြောင့် အစာအိမ်ကင်ဆာဖြစ်သူ များသည်။ ယင်းအပြင် ကမ္ဘာတွင်အစာ အိမ်ကင် ဆာဖြစ်သူများ၏ ထက်ဝက်မှာ တရုတ်လူမျိုးများဖြစ်သည်ဟု ဦးသံစစ် က ပြောပြသည်။
ကင်ဆာရောဂါမှာလူတန်းစားမရွေး ဖြစ်ပွားနိုင်ပြီး မည်သည့်အမျိုးအစားမ ဆိုသိန်းရာချီ၍ကုန်မည်ဖြစ်သည်။ အခြေ ခံလူတန်းစားများအတွက် ခက်ခဲသည့် အရေးတစ်ခုဖြစ်ပြီး ကျန်ရစ်သူမိသားစု အတွက်လည်း သောကပင်လယ်ဝေမည့် အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
”အားလုံး ၁၁၅ သိန်း တိတိ ကုန် သွားတယ်။ လူကတော့ ခြောက်နှစ် လောက်ခံသွားတာပေါ့”ဟု နှာရိုးကင် ဆာဖြစ်၍ သေဆုံးသွားသည့် သူငယ် ချင်းဖြစ်သူ ဦးလှထွန်း၏ အကြောင်းကို ဒေါ်လဲ့လဲ့မူက ပြန်ပြောင်းပြောပြသည်။
ဦးလှထွန်းဆိုသူမှာ တပ်မတော် သားတစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ အစိုးရမှ ချထားပေးသော လိုင်းခန်းတွင် နေထိုင်သူဖြစ်သည်။ အသက် ၅ဝ တွင် နေ့စဉ်နှာခေါင်းမှ နှာ ရည်အမြဲထွက်လာသည့် ဝေဒနာကို စတင်ခံစားလာရသည်။
ထိပ်ကပ်နာဖြစ် သည်ဟု သဘောထားကာ ပေါ့လျော့ နေခဲ့သော်လည်း ခြောက်လကြာ ကာလ အထိ ယင်းဝေဒနာက မပျောက်၊ ပို၍ ပင် ဆိုးလာသည်။ မည်သည့် အနံ့မှပင် မရတော့သော အခါမှ တပ်မတော်ဆေး ရုံသို့သွားရောက်ပြသခဲ့ရာနှာရိုးကင်ဆာ ဒုတိယအဆင့်သို့ပင် ရောက်ရှိနေပြီဟု သိလိုက်ရသည်။
ကံကောင်းသည်က ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ညီအရင်းထံမှ ဆေးကုသစရိတ်ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထောက်ပံ့ငွေဖြင့် ကင်ဆာရောဂါသည်များ၏ ကုထုံးတစ် ရပ်ဖြစ်သော ဓာတ်ကင်ခြင်းကို အကြိမ် ကြိမ် ဆောင်ရွက်ခဲ့သော်လည်း ရောဂါ က မသက်သာ။ နှာခေါင်းအတွင်းမှ ပြည်ပုပ်များပင် ကျလာသည်ဟု သူ ငယ်ချင်းဖြစ်သူ ခံစားခဲ့ရသည့် ဝေဒနာ ကို ဒေါ်လဲ့လဲ့မူက ရှင်းပြသည်။
”နောက်ဆုံး ကင်ဆာ ၇ အဆင့် ထိ ရောက်သွားတယ်။ ဆရာဝန်က ဆေးဆက်သွင်းခိုင်းတယ်။ ဒါပေမဲ့ လူ နာက ဆေးဒဏ်ကို မခံနိုင်တော့ဘူး။ ဒီ တော့ အိမ်မှာပဲ စိတ်လျှော့ပြီး နေလိုက် ရင်း တစ်နှစ်လောက်နေတော့ ဆုံးသွား တယ်”ဟု ၄င်းတို့အား ခွဲခွာသွားခဲ့သည့် ဦးလှထွန်းအကြောင်းကို ပြောပြသည်။
ဦးလှထွန်းကဲ့သို့ပင် ကင်ဆာရော ဂါဖြင့် လူ့လောကမှ ထွက်ခွာသွားသူများ က မရှား။ ဒေါ်ခိုင်မာလာမြင့်၏ အ သက်က ၄၅ ပတ်ဝန်းကျင်။ အိမ်ထောင် သက် နှစ်နှစ်ဆယ်ကျော်တွင် ရင်သား ကင်ဆာကို စတင်ခံစားခံရသူဖြစ်သည်။ ဘယ်ဘက် ရင်သားတွင် မန်ကျည်းသီး စေ့ခန့် အကြိတ်ဖြစ်ပေါ်လာရာ ဆေး ခန်းသွားပြခဲ့ပြီး ကင်ဆာဟုသိလိုက်ရ ခြင်း ဖြစ်သည်။ အင်္ဂလိပ်ဆေးများကို ကြောက်သဖြင့် မြန်မာတိုင်းရင်းဆေးဖြင့် သာ ကုသခဲ့ပြီး သုံးနှစ်မပြည့်ခင်တွင် ကွယ်လွန်သွားသည်ဟု သူ၏ညီမဖြစ်သူ ဒေါ်ဖြူဖြူမြင့်က ပြောပြသည်။
မြန်မာဆေးဖြင့် ကုသခဲ့မှုကြောင့် ငွေကြေး ကျပ်သိန်းဆယ်ဂဏန်း ဝန်း ကျင်သာ ကုန်ကျမှုရှိခဲ့သည်က အခြား ရောဂါရှင်များနှင့် နှိုင်းယှဉ်လျှင် တော် သေးသည်ဟု ဆိုရမည်ဖြစ်ကြောင်း ညီမ ဖြစ်သူက ပြောသည်။
”သူက ကလီစာတွေကို ကြိုက် တယ်။ အမြဲတမ်း ချက်ချက်စားတာ။ အဲဒါနဲ့များ ဆိုင်နေမလားမသိဘူး။ မျိုး ရိုးကမှ အဲဒီရောဂါမရှိတာ”ဟု အစ်မ ဖြစ် သူအကြောင်းကိုဆက်၍ပြောပြသည်။
ကင်ဆာရောဂါ အထူးကု ဆရာ ဝန်ကြီးများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံ၌ ကင်ဆာ ဖြစ်ပွားသူများ သည် ရောဂါကျွမ်းသည့် အချိန်မှသာ ဆေးကုသမှု ခံယူကြသည်က များပြား ပြီး အရပ်ကုဖြင့်သာ ကုသကြမှု များပြား နေသည်ဟု သိရသည်။
၁၉၉၉ခုနှစ်တွင် ရန်ကုန်၊ မန္တလေး နှင့် တောင်ကြီးဆေးရုံများ၌ ကောက်ခံ ခဲ့သော စာရင်းများအရ မြန်မာနိုင်ငံ၌ အဖြစ်အများဆုံး ကင်ဆာရောဂါမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး ရပ်သား ကင်ဆာဖြစ်ပွားနှုန်းမှာ ဒုတိယနေရာ၌ ရှိကြောင်း၊ အဆုတ်ကင်ဆာမှာ နံပါတ် ၃နေရာတွင်ရှိကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် အမျိုးသမီးများ အဖြစ်များဆုံး ကင်ဆာမှာ အဆုတ်ကင် ဆာ၊ ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အသည်းကင်ဆာနှင့် သား အိမ်ခေါင်းကင်ဆာတို့ ဖြစ်သည်။ အမျိုး သားများတွင် အဆုတ်ကင်ဆာ၊ ဆီး ကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာ၊အသည်းကင်ဆာနှင့် အစာ ရေမျိုကင်ဆာများ အဖြစ်များသည်ဟု WHO ၏ စာရင်းများအရ သိရသည်။
မြန်မာတွင် ဒုတိယ အဖြစ်များဆုံး ရင်သားကင်ဆာကို ခံစားနေရသည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သော အသက် ၄၉ နှစ်အရွယ် မအေးထွန်း၏ မျက်နှာမှာ အတော်ပင် ချောင်ကျနေပြီး ကင်ဆာ၏ လက္ခဏာဖြစ်သော ဆံပင်များလည်း ကျွတ်လာပြီဖြစ်ရာ ဆံထုံးကိုသာ သေ သပ်စွာ ထုံးထားလိုက်တော့သည်ဟု သူမက ဆိုသည်။
”စဖြစ်တာ ညာဘက်ရင်သားမှာ။ အကျိတ်က ကွမ်းသီးလုံးတစ်ခြမ်းစာ လောက်ရှိတယ်။ ဗမာဆရာနဲ့ ပျောက် အောင်ကုလို့ရတယ်လို့ တချို့က ပြော တယ်။ ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာပဲ ခွဲလိုက်တယ်”ဟု ရောဂါစတင်ဖြစ်ပွားခဲ့ စဉ်က အခြေအနေကို ပြောပြသည်။
နောက်ပိုင်းတွင် ညာဘက်ရင်သား တစ်ခုလုံး ဖြတ်ထုတ်လိုက်ရသော်လည်း အကျိတ်များက ဘယ်ဘက်ရင်အုံ၌ ဆက်လက်ထွက်ပေါ်လာရာ ထပ်မံ ခွဲစိတ်ခဲ့ ရပြန်သည်ဟု သူမက ဆိုသည်။ လက်ရှိ၌ ဓာတ်ကင်ကုသရန်အတွက် စောင့်ဆိုင်း၍ ဆေးသွင်းနေပြီး တစ်လ လျှင် ဆေးသွင်းခ ခြောက်သောင်းခန့် ကုန်ကျနေကြောင်းမအေးထွန်းက ပြော သည်။
”ဘယ်လိုကြောင့် စဖြစ်တာလဲ တော့ မပြောတတ်ဘူး။ ယောက်ျားတော့ မရှိပါဘူး။ အစားအသောက်ကတော့ ကွမ်းတော့ စားတယ်”ဟု သူမ ရောဂါ ရရှိလာသည့် ဖြစ်နိုင်ခြေအကြောင်း အရင်းကို စဉ်းစားရင်း ပြောသည်။
စားသုံးသူကို အန္တရာယ်ဖြစ်စေ သော ကျန်းမာရေးထိခိုက်စေသော၊ မသန့်ရှင်းသော၊ စံမမီသော အစားအ သောက်များကို ရောင်းချပါက ရောင်းချ သူကို ဥပဒေအရ အရေးယူရန် အမျိုး သား အစားအသောက်ဥပဒေကို ဇူလိုင် လ အတွင်းကပင် လွှတ်တော်က အ တည်ပြုလိုက်ပြီး ဖြစ်သည်။
အဆိုပါ ဥပဒေတွင် ကျန်းမာရေး ကိုထိခိုက်စေသည့်အစားအစာကို ရောင်း ချသူသည်ထောင်ဒဏ် ၃နှစ်(သို့မဟုတ်) ငွေဒဏ် ကျပ်သုံးသိန်း ပေးဆောင်၍ အပြစ်ဒဏ် ကျခံရမည်ဟု ပါရှိသည်။
သို့သော် ယင်းအကြောင်းအရာကို စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးဗအုပ်ခိုင်က သဘော မတွေ့ဟု ဆိုသည်။
”ဒီငွေလေးလောက်ကို စီးပွားရေး လုပ်ငန်းရှင်တွေက မှုမလား၊ တကယ်ဆို ဥပဒေမှာ မကျမနေရ ထောင်ဒဏ် ထည့်သွင်းရမှာ”ဟု ၄င်းက ပြောသည်။
အမျိုးသား အစားအသောက် ဥပဒေသည် စားသုံးသူများအတွက် အကာအကွယ် မပေးနိုင်သောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေသာ အမြန် ထွက်ပေါ် လာရန် မျှော်လင့်ရသည်ဟု ၄င်းက ပြောသည်။
စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ပေါ်လာပါက စားသုံးသူများအား လိမ်လည်၍ ကြော်ငြာရောင်းချနေသော မီဒီယာပိုင်းများ၊ ဝန်ဆောင်မှုပိုင်းများကို ပါ အရေးယူဆောင်ရွက်နိုင်လိမ့်မည်ဟု ၄င်းက ဆက်ပြောသည်။
အစားအသောက် ရောင်းချမှုများ သည် လက်ရှိအခြေအနေတွင် စားသုံး သူအတွက် အကာအကွယ်မရှိသဖြင့် နေ့စဉ်မှီဝဲစားသုံးနေမှုတွင် ဓာတုဗေဒ ဆေးများကို တတ်နိုင်သမျှ ရှောင်စားစေ လိုသည်ဟု ဦးဗအုပ်ခိုင်က တိုက်တွန်း သည်။
သို့သော် ဓာတုဗေဒဆေးများ လွတ်သည်ဆိုသည့် အစားအစာမှာ မည်ကဲ့သို့သော အရာပင် ဖြစ်သနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ ပြည်ပမှ မှာယူသော အစားအသောက်များ၊ ပြည် တွင်းမှထုတ်လုပ်သော တာရှည်ခံအစား အသောက်များကို မဆိုထားနှင့် စိုက်ပျိုး ထုတ်လုပ်သည့် အသီးအနှံများသည် ပင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ ဖြင့် ရှင်သန်ကြီးထွားနေရခြင်းဖြစ်သည်။
”မြန်မာတစ်နိုင်ငံလုံးမှာ သဘာဝ မြေသြဇာနဲ့ စိုက်တဲ့ ခြံ ၄၃ ခြံပဲ ရှိသေး တယ်။ ဒါက တစ်တိုင်းပြည်လုံးပမာဏ ဆိုတော့ အလွန်နည်းသေးတယ်” ဟု မေတ္တာနန္ဒသဘာဝဓာတ်မြေသြဇာ စိုက် ခင်းမှ တာဝန်ရှိသူ ဒေါ်စန်းစန်းဟန်က ပြောသည်။
စိုက်ပျိုးသူတောင်သူတို့အတွက် ဓာတ်မြေသြဇာ တံဆိပ်များ မရှားသော် လည်း သဘာဝ မြေသြဇာမှာ ကိုယ်တိုင် ထုတ်၍ တစ်နိုင်ရောင်းချသူများ အပါ အဝင် ထုတ်လုပ်မှု ဆယ်ဂဏန်းမျှသာ ရှိသေးသည်ဟု ၄င်းက ပြောသည်။
ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ဓာတ်ကြွင်းများသော အသီးအနှံများမှာ လည်း ကင်ဆာရောဂါဆီသို့ ဦးတည်နေ သည်။ စားသုံးသူသာမက စိုက်ပျိုးသူ တောင်သူများအတွက်ပင် အန္တရာယ်က ဆီး ကြိုနေပေသည်။
”ဆေးဖြန်းပိုက်ပိတ်လို့ မှုတ်လိုက် တာ ဆေးရုံတင်လိုက်ရတာမျိုး၊ ပိုးသတ် ဆေးဖြန်းပြီး လက်မဆေးပဲ အစား အသောက်စားလိုက်လို့ ဆေးရုံပို့လိုက် ရတာမျိုး ဓာတ်မြေသြဇာစိုက်ခင်း တွေ မှာ ကြုံရတယ်”ဟု ဒေါ်စန်းစန်းဟန်က ၄င်းတွေ့ကြုံဖူးသောအဖြစ်အပျက်များ ကို ပြောပြသည်။
”ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီပန်းပွင့်တွေ က ပိုးသတ်ဆေး အများဆုံးပဲ။ တခြား အပင် ပိုးသတ်ဆေးတစ်ဇွန်းထည့်တယ် ဆိုသူတို့ကသုံးဇွန်းထည့်ရတယ်။ တခြား အပင် တစ်ခါဆေးဖြန်းရင် သူတို့ကို သုံး ခါဖြန်းရတယ်” ဟု ပိုးကျလွယ်သည့် သီး နှံပင်အကြောင်းကို သူမက ဆက်ပြော သည်။
မြန်မာနိုင်ငံ၌ သဘာဝစိုက်ခင်း များ ရှားပါးမှုမှာ ရာသီဥတုနှင့် ဆိုင်လိမ့် မည်ဟု ဒေါ်စန်းစန်းဟန် သုံးသပ်သည်။ အပူပိုင်း ရာသီဥတုဆန်သည့်အတွက် အပင်များ ပိုးကျမှုများပြားသည်။ ယင်း အတွက်ပိုးသတ်ဆေးသုံးရသည်။ နောက် ဆက်တွဲပြဿနာတွင် ပိုးများမှာ ဆေး ယဉ်သည့် အခြေအနေဖြစ်လာပြီး ပိုး သတ်ဆေးပြင်း များထွက်လာရာ လူသား များသို့ပင်ဥပါဒ်ဖြစ်လာစေသည်ဟု သူမ က ဆိုသည်။
လူသားများ နေ့စဉ်မှီဝဲနေသော အစားအသောက်များမှ ကင်ဆာဖြစ်ပွား နေမှုကို စားသုံးသူတို့ သိရှိစေရန် လို အပ်သဖြင့် အစားအသောက်များမှ ဖြစ် ပွားသောကင်ဆာများအကြောင်း လက် ကမ်းစာစောင်များ ဖြန့်ဝေနေသည်ဟု စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရ သည်။အစားအသောက်ကြောင့် ရောဂါ ဖြစ်ပွားမှုကို မသိသူများ ရှိနိုင်သကဲ့သို့ သိရှိသော်လည်းအကြောင်း အခြေအ နေအမျိုးမျိုးကြောင့် ဆင်ခြင်စားသုံးရန် မှာ ခက်ခဲသည့်အခြေအနေများလည်း ရှိနိုင်သည်။
”အိမ်မှာ အမေက ဈေးဝယ်ရင် ကြက်သားဆိုလည်း တစ်ခါဝယ် နှစ် ပိဿာပဲ။ ရေဆေး၊ ဆနွင်းနယ်ပြီး အခဲ ကန့်ထဲ ထည့်ထားတယ်။ ချက်ခါနီးမှ ထုတ်ချက်တာ။ တစ်ခါတလေဆို မေ့ သွားလို့ တစ်လကျော်လောက် ကြာသွား တာရှိတယ်။ ဘာမှတော့ မဖြစ်ဘူး။ အ အေးခန်းထဲ ထည့်ထားတော့ မပုပ်ဘူး လေ”ဟု ရေခဲသေတ္တာထဲမှ အသားဘူး ကို ထုတ်ယူရင်း အသက် ၂၂ နှစ်အရွယ် မအေးမြတ်သူက ဆိုသည်။ ထို့ကဲ့သို့ စားသုံးလာသည်မှာ နှစ်ကာလ အားဖြင့် မနည်း။ လုပ်ထုံးတစ်ခုပင် ဖြစ် နေရာ သူမအတွက်အထူးအဆန်း မဟုတ်။ နောက်ဆက်တွဲ ပြဿနာများ ကိုလည်း တွေးမိပုံ မပေါ်။ သို့သော် ယင်းကဲ့သို့ သော အအေးခန်းအတွင်းမှ အစားအ သောက်များကဖြင့် . . . .။
ဝေမာထွန်း၊ မြတ်စုငြိမ်း၊ ခိုင်နွယ်ဦး
Popular Myanmar News Journal
Home »
News
» အထူးပြုလုပ်ထားသော တာရှည်ခံအရာများဖြင့်တည်သော မြို့တော်တွင် တာရှည်မခံသော ရှင်သန်ခြင်းတို့ နေထိုင်ကြလေသည်