Home » » မင်းဓမ္မပန်းခင်းဈေးခြံစည်းရိုးခတ်စဉ် မြို့တော်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွားခဲ့

မင်းဓမ္မပန်းခင်းဈေးခြံစည်းရိုးခတ်စဉ် မြို့တော်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွားခဲ့

Written By Unknown on Friday, August 2, 2013 | 3:52 PM

ရန်ကုန်၊ သြဂုတ် ၂

မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။

၎င်းဈေးသည် တစ်ဦးဖြစ်သည့် ဒေါ်နီဝါလွင်က စည်ပင်အနေဖြင့် ယခုလိုမျိုး ခြံစည်းရိုးခတ်မည်ဆိုပြီး ကြိုတင် အသိပေးမှု လုံးဝမရှိခဲ့ကြောင်း ၄င်းတို့ ခြံစည်းရိုးကာသည့်အချိန်တွင် ဈေးသူ၊ ဈေးသားတွေ ဘာမှ မပြောကြောင်း ဝင်ပေါက်အကုန်လုံးကို ပိတ်ရန် လုပ်၍သာ ဝင်ပေါက်တော့ ချန်ထားပေးရန် ပြောခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ဝင်ပေါက်ကို ပိတ်မည်ဆို၍ ဝင်ပေါက်တွင် ရှိနေသည့် ဈေးသူ၊ ဈေးသားများ မဖယ်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြား ခဲ့ကြောင်း၊ ၄င်းဈေးမှ ဈေးသည်များ ဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်ေ တာက်ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေ များလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင်သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆို
ပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project မှ မရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး'' ဟု ထပ်လောင်းပြောသည်။

အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး သွေးထွက်သံယိုမှုမှာ ၅ ဦးရှိ ခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီး ရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ထက်ထက်မိုးမြင့်

Popular Myanmar News Journal