Home » » ပုသိမ်-မုံရွာလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ၁၈ ဦး ဒဏ်ရာရ

ပုသိမ်-မုံရွာလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ၁၈ ဦး ဒဏ်ရာရ

Written By Unknown on Monday, August 19, 2013 | 7:38 PM

ပြည်၊ သြဂုတ် ၁၈

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် တိုးရတနာ ခရီးသည်တင်ယာဉ်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ကားဘီးချော်၍ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅၀ ဦးအနက် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ခရီးသည် ၁၈ ဦး ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်မရှိဘဲ သာမန်ဒဏ်ရာများသာ ရရှိသဖြင့် အချို့မှာ ဆေးရုံမှဆင်းသွားပြီ ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အရွယ် လက်ပြတ်သွားသူ ခရီးသည်အမျိုးသမီး တစ်ဦးကို ပြည်ဆေးရုံသို့ တင်ပို့ထားကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၆၁/၇ နှင့် ၁၆၂/၀ ကြား တလုပ်ပင်ရွာအနီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၄/က-၈၆၈၂ ယာဉ်သည် မိုးရွာသွန်းမှုကြောင့် ကားဘီးချော်၍ ကားလမ်း ညာဘက်ခြမ်းတွင် တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ဥသျှစ်ပင်မြို့ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဒဏ်ရာရသူတွေကို ဥသျှစ်ပင် ဆေးရုံကြီးကို ပို့ထားတယ်။ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ရှာဖွေစုံစမ်းနေဆဲပါ” ဟု ဥသျှစ်ပင်မြို့ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ဆိုသည်။

ယာဉ်မတော်တဆမှုအတွက် ဥသျှစ်ပင်မြို့ရှိ အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စုက ယာဉ်(ပ)၁၂/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၃၈၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း ဥသျှစ်ပင်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly