Home » » ဒဂုံတက္ကသိုလ် ကာယဗလ မောင်နှင့် ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပ

ဒဂုံတက္ကသိုလ် ကာယဗလ မောင်နှင့် ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပ

Written By Unknown on Thursday, August 29, 2013 | 6:12 PM

ရန်ကုန်၊ သြဂုတ် ၂၈

ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲကို သြဂုတ်လ ၂၇ ရက်နေ့က ဒဂုံတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူ ၃၀ ဦး ယှဉ်ပြိုင်ခဲ့ကြောင်း ဒဂုံ တက္ကသိုလ် အားကစားမှူး ဦးညွန့်ဝင်းက ပြောကြားသည်။

ယင်းပြိုင်ပွဲသို့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပညာ သင်ယူလျက် ရှိသည့် ကျောင်းသား ကျောင်းသူ များ ယှဉ်ပြိုင်ခဲ့ရာ ကာယဗလမောင် ပြိုင်ပွဲ၊ အငယ်တန်း ကာယအလှမယ် ပြိုင်ပွဲနှင့် အကြီးတန်း ကာယအလှမယ် ပြိုင်ပွဲများကို ကျင်းပခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒဂုံ တက္ကသိုလ်တွင် ပညာသင်ကြားလျက် ရှိသော ကျောင်းသား ကျောင်းသူ များသည် ပညာရေးတွင် သာမက အားကစားနှင့် ဘက်စုံ ထူးချွန်သော လူငယ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အားကစား ပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေး က ပြောကြားသည်။

ကာယဗလမောင် ပြိုင်ပွဲတွင် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား ၁၀ ဦး၊ အငယ်တန်း ကာယအလှမယ် ပြိုင်ပွဲတွင် ကျောင်းသူ ၁၀ ဦး၊ အကြီးတန်း ကာယအလှမယ် ပြိုင်ပွဲတွင် ကျောင်းသူ ၁၀ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ကျပ် ရှစ်သောင်း၊ ဒုတိယဆု ကျပ် ခြောက်သောင်း၊ တတိယဆု ကျပ် ငါးသောင်း၊ စတုတ္ထဆုနှင့် ပဉ္စမဆုအတွက် ကျပ်နှစ်သောင်း၊ နှစ်သိမ့်ဆု အတွက် ကျပ် တစ်သောင်းဆု ချီးမြှင့်ခဲ့ကြောင်း အားကစားနှင့် ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်မိမိအောင် က ပြောကြားသည်။

ကာယဗလမောင် ပြိုင်ပွဲတွင် ရှေးဟောင်းသုတေသန ကျောင်းသား မောင် ဥဿာကျော်က ပထမ၊ ဘူမိဗေဒ ကျောင်းသား မောင်ရန်နိုင်တိုးက ဒုတိယ၊ ရုက္ခဗေဒ ကျောင်းသား မောင်ကျော်သက်ဝေက တတိယ ရရှိခဲ့ပြီး အငယ်တန်း ကာယအလှမယ်ပြိုင်ပွဲတွင် ရှေးဟောင်း သုတေသန ကျောင်းသူ မယွန်းလဲ့ဆွေက ပထမ၊ ဓာတုဗေဒ ကျောင်းသူ မဖြိုးဖြိုးသျှံက ဒုတိယ၊ သင်္ချာ ကျောင်းသူ မပွင့်သန္တာ ငြိမ်းချမ်းက တတိယနှင့် အကြီးတန်း ကာယအလှမယ် ပြိုင်ပွဲတွင် သင်္ချာ ကျောင်းသူ မယုဝေခိုင်က ပထမ၊ ကုန်ထုတ် ဓာတုဗေဒ ကျောင်းသူ မချစ်သဲမြသဉ္ဇာက ဒုတိယ၊ ဇီဝဓာတုဗေဒကျောင်းသူ မနီနီမင်းသူက တတိယ ရရှိခဲ့ကြသည်။

ကာယဗလမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲကို ဒဂုံတက္ကသိုလ် အနေနှင့် စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ပြီး မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ထားဝယ် တက္ကသိုလ်တို့တွင်လည်း ယခုလ နောက်ဆုံးပတ်က ကာယဗလနှင့် ကာယအလှ ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

The Voice Weekly