Home » » အင်တာနက်သတင်းကြောင့် တိုက်နယ်ဆရာဝန်တဦး နယ်ပြောင်းခံရ

အင်တာနက်သတင်းကြောင့် တိုက်နယ်ဆရာဝန်တဦး နယ်ပြောင်းခံရ

Written By Unknown on Monday, August 19, 2013 | 6:55 AM

သြဂုတ်လ ၁၉ ရက်၊ (ဟင်္သာတ)

သတင်းမှားတခု ပစ်စာတပုဒ်ကြောင့် ဟင်္သာတမြို့နယ်က ဆေးရုံအုပ်တဦး နယ်ပြောင်းတာဝန် ချခံရတဲ့သတင်းကို တင်ပြလိုပါတယ်။

ဒေါက်တာ မောင်မောင်သိန်းဟာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ် ဆေးရုံက ဆေးရုံအုပ်တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့မှာတော့ ဒေါက်တာမောင်မောင်သိန်းနဲ့ ပတ်သတ်တဲ့ သတင်းတပုဒ်ဟာ  Hinthata HumanRights ရဲ့ Facebook စာမျက်နှာမှာ တက်လာပါတယ်။

စာမှာတော့ ဒေါက်တာမောင်မောင်သိန်းဟာ ကောက်ကျစ်ပြီး စိတ်မမှန်တဲ့ အသပြာဆရာဝန်ဖြစ်ကြောင်း၊ အောက်ခြေ၀န်ထမ်းတွေကို ခိုင်းဖက်သဖွယ် သဘောထား ဆက်ဆံနေကြောင်း၊ ဆေးရုံဝန်ထမ်းဖြစ်ပေမယ့် သူ့ဇနီးမီးဖွားတာကို ငွေ၅ သောင်းကျပ် ပေးခဲ့ရကြောင်းစသဖြင့် ရေးသားထားပြီး ရေးသူနာမည်မှာတော့“အောက်ခြေ၀န်ထမ်းငယ်” လို့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီ “အောက်ခြေ၀န်ထမ်းငယ်” အမည်နဲ့ အင်တာနက်မှာစာတင် တိုင်တန်းခဲ့သူဟာ ဒူးယားတိုက်နယ်ဆေးရုံးက ဓာတ်ခွဲမှူး ဦးအေးလွင်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

ငွေ ၅ သောင်းကျပ် တောင်းခိုင်းတဲ့အကြောင်းကို တိုက်နယ်ဆေးရုံအုပ် ဒေါက်တာမောင်မောင်သိန်းက အခုလို ပြန်ရှင်းပြပါတယ်။

“အဲဒီပုဂ္ဂိုလ်ရဲ့ဇနီးမီးဖွားတော့ ဆေးရုံက နာ့စ်မကြီးကို မှာထားပါတယ်။ အခမဲ့ရတဲံ ဆေး ၁၃ မျိုးရှိတယ်။ အဲဒါတွေကို အကုန်အခမဲ့ပေးလိုက်ပါ။ ကျန်တာတော့ ဆေးဆိုင်မှာဝယ်ခိုင်းလိုက်လို့ ပြေထားပါတယ်။ ကျနော့်ဘက်က ကိုယ့်ဆေးရုံဝန်ထမ်းမီးဖွားတာကို ငွေ ၅ သောင်း ဘာကြောင့်တောင်းရမှာလဲ။ ကျနော် အခမဲ့လုပ်ပေးနိုင်တာ အကုန်လုပ်ပေးခဲ့ပါတယ်။ သူပေးခဲ့ရတဲံ ၅ သောင်းက ဆေးရုံကဆေးဆိုင်မှာစာရင်းဖွင့်ယူထားတဲ့ ၅ သောင်းပါ။ အဲဒါကို အကုန်လုံးအခမဲ့မရတာနဲ့ မကျေမနပ်ဖြစ်ပြီး ခုလိုတွေ အင်တာနက်မှာ စာတင်တာတွေလုပ်တယ်ထင်ပါတယ်”လို့ ပြောပါတယ်။

အင်တာနက်တင်တဲ့စာမှာ ထပ်ရေးထားတာတော့ “ကလေးရဲ့ အသားဝါနေချိန်မှာလည်း ဆရာဝန်ကိုခေါ်တာ တော်တော်နဲ့ရောက်မလာကြောင်း၊ ရောက်လာတော့ ကလေးကိုသွေးစစ်ဖို့ပြောချိန်မှာ ကျနော်က ဟင်္သာတသွားမယ်လို့ပြောတော့ စိတ်ဆိုးပြီး သွားကွာဟု ပြောထုတ်ခဲ့ကြောင်း”ရေးသားထားပါတယ်။

အဲဒီအချက်နဲ့ပတ်သတ်လို့ ဒေါက်တာမောင်မောင်သိန်းက “ကလေးအသားဝါလို့ လာခေါ်ချိန်မှာ ကျနော်ကရေချိုးရင်းတန်းလန်းဖြစ်နေတယ်။ ကျနော်ပြီးရင် လာခဲ့ပါမယ်ပြောပြီး ရေချိုးပြီးတာနဲ့ ချက်ခြင်းဆေးရုံလာပါတယ်။ အဲဒီမှာကလေးက ပေါင်အထိ အသားတွေဝါနေတော့ သွေးစစ်ဖို့ပြောပါတယ်။ ဟင်္သာတရောက်ရင်လည်း သွေလဲဖို့အဆင်သင့်ပြင်ထားလို့မှာလိုက်ပြီး ဟင်္သာတဆေးရုံကို လွှဲပေးခဲ့တာပါ။ သူပြောသလို မောင်းထုတ်တဲ့ပုံစံမျိုး မလုပ်ခဲ့ပါဘူး”လို့ ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မေလ ၁၆ ရက် ရက်စွဲနဲ့တက်လာခဲ့တဲ့ အင်တာနက်ကစာကြောင့် ဟင်္သာတမြို့နယ် ကျန်းမာရေးဌာနကနေ ဒူးယားတိုက်နယ်ဆေးရုံကို ဆင်းပြီးစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိုင်သူ ဦးအေးလွင်ကိုရော အတိုင်ခံရသူ ဒေါက်တာမောင်မောင်သိန်းကိုပါ နယ်ပြောင်းဖို့ အမိန့်ချခဲ့ကြောင်း သိရပါတယ်။

“ကျနော်စိတ်မကောင်းတာက ကျနော်တကယ်အမှားလုပ်ခဲ့လို့ ခံရတယ်ဆိုရင် ကျေနပ်ပါတယ်။ အခုဟာက ကျနော်မှားတာမဟုတ်ဘဲနဲ့ နယ်ပြောင်းဆိုတဲ့အမိန့်ကျလာတယ်။ အဲဒီအပေါ်ကို စိတ်မကောင်းဖြစ်မိတယ်။ နောက်တခုက အင်တာနက်ပေါ်ကို သတင်းတွေတင်ကြရာမှာ သတင်းတင်ပေးသူတွေဟာ အဲဒီသတင်းတကယ်ဟုတ်မဟုတ် သေချာလေ့လာ စုံစမ်းသင့်ပါတယ်။ တကယ်မဟုတ်ဘဲ လိုရာဆွဲရေးထားတဲ့စာတွေတင်တော့ မကျူးလွန်သူတွေ ကာယကံရှင်တွေမှာ နစ်နာရပါတယ်”လို့ ဒေါက်တာ မောင်မောင်သိန်းက ပြောပါတယ်။

ဒေါက်တာမောင်မောင်သိန်းဟာ ဒူးယားတိုက်နယ်ဆေးရုံမှာ ၂၀၁၂ သြဂုတ်လက စတင်တာဝန်ထမ်းနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဝန်ထမ်းဆောင်ချိန်အတွင်း ရဟန်းသံဃာ၊ သီလရှင်နဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေကို အခမဲ့စေတနာထားကုပေးတဲ့အပြင် အမှန်တကယ် ဆင်းရဲနွမ်းပါးကြောင်း ရပ်ရွာကထောက်ခံပေးတဲ့အခါ အကုန်လုံး အခမဲ့ဆေးကုသပေးကြောင်း ဒူးယားကျေးရွာမှာနေတဲ့ ဒေသခံ ဦးသန်းကြိုင်က ပြောပါတယ်။

“ဒေါက်တာဟာ အရေးပေါ်လူနာရှိရင်ဘယ်အချိန်ခေါ်ခေါ် ထလိုက်လာပါတယ်။ ရပ်ရွာအပေါ် အယုတ်အလတ်အမြတ်မရွေး စေတနာထားကုသပေးနေတာ ကျနော်တို့ ဒူးယားတိုက်နယ်တခုလုံးသိကြပါတယ်။ ခုလို ဆရာဝန်ကောင်းတယောက် ကျနော်တို့နယ်မှာ တာဝန်ကျတော့ ကျနော်တို့တောရွာကဆင်းရဲသားတွေ ကျန်းမာရေးကိစ္စအတွက်အားးလည်းကိုးရပြီး နေ့စဉ်ဝမ်းသာနေကြတာပါ။ အခုလို အင်တာနက်မှာ မဟုတ်မဟတ်သတင်းတွေပါလာပြီး ဆရာ့ကိုနယ်ပြောင်းမိန့်ချတော့ ကျနော်တို့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ တကယ်လို့များ ကျန်းမာရေးဌာနက တာဝန်ရှိသူလူကြီးတွေရပ်ရွာကိုဆင်းလာပြီး ဒေါက်တာမောင်မောင်သိန်းအကြောင်း မေးကြည့်ပါ။ ကျနော်တို့ တိုက်နယ်တခုလုံးက သူဟာဘယ်လိုဆရာဝန်လဲ ဆိုတာ ပြောပြပေးပါမယ်”လို့ သူက ပြောပါတယ်။

ဒေါက်တာ မောင်မောင်သိန်းပြောင်းရွှေ့မိန့်ကျတဲ့အတွက် ဒူးယားတိုက်နယ်က သံဃာတော်တွေ ရပ်မိရပ်ဖတွေနဲ့ ကျေးရွာသားတွေစုပေါင်းပြီး ဒေါက်တာ မပြောင်းရွှေ့ရေးကို နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနအထိ လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ပြုလုပ်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။

“ကျနော်က ဒူးယားနယ်သားပါ။ ကိုယ့်ရပ်ရွာကလူတွေ ကျုံပျော်တက်လာတဲ့အခါ ဒေါက်တာ မောင်မောင်သိန်းနဲ့ပတ်သတ်ရင် ဆရာက လူနာတွေကို ဘယ်လိုဂရုစိုက်ကြောင်း၊ စေတနာထားကြောင်း အမြဲလိုလို ပြောကြတော့ ကျနော့်ဒေသလေးအတွက် ၀မ်းသာနေခဲ့တာပါ။ အခုလို အင်တာနက်က ပစ်စာလေးတခုကြောင့် သူ့ကိုပြောင်းတဲ့ကိစ္စက ရပ်ရွာကလည်း မကျေနပ်သလို ကျနော့်အနေနဲ့လည်း ဒီဒေါက်တာကို ဒီရွာမှာပဲဆက်ထားပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနအထိစာတင်ပြီး ကြိုးစားပေးသွားမှာပါ။ ဘာလို့ဆိုတော့ ရပ်ရွာအပေါ် စေတနာထားသော ဆရာဝန်ကောင်းတဦးရဖို့ဆိုတာ အင်မတန် ခဲယဉ်းတဲ့အတွက် ဖြစ်ပါတယ်”လို့ ကျုံပျော်မြို့မှ ဆန်စက်လုပ်ငန်းရှင် ဦးသိန်းမြင့်ဆောင်းက ပြောပါတယ်။

ဒူးယားတိုက်နယ်ဆေးရုံမှာ ကျေးရွာအုပ်စုပေါင်း ၁၅ အုပ်စုမှ ထောင်နှင့်ချီသည့် ဒေသခံမိသားစုများကို တာဝန်ယူ၍ဆေးကုသပေးနေရသည့် တိုက်နယ်ဆေးရုံတခုဖြစ်ကြောင်း သိရသည်။

by Myanmar News Now