Home » » အသုဘသွားပို့သည့် အလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံရဟုဆို

အသုဘသွားပို့သည့် အလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံရဟုဆို

Written By Unknown on Monday, August 19, 2013 | 10:54 AM

ဂရန်းရွိုင်ရယ်အရက်နှင့် အခြား အဖျော်ယမကာများ ထုတ်လုပ်သည့် ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Winery & Distillery ကုမ္ပဏီစက်ရုံမှ ၀န်ထမ်း ၄၉ဦးသည် သြဂုတ် ၁၅ ရက်က ၀န်ထမ်း မိသားစုဝင်တစ်ဦး၏ အသုဘကို လိုက်ပါ ပို့ဆောင်ရန် သွားခဲ့သဖြင့် အလုပ်ထုတ်ခဲ့ရသည်ဟု ကာယကံရှင် လုပ်သားများက ပြောသည်။

သြဂုတ် ၁၈ ရက်က ရွှေပြည်သာမြို့နယ်တွင် ၎င်းအလုပ်သမားတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြား ခဲ့ခြင်းဖြစ်ပြီး “ကျွန်မတို့က မန်နေဂျာကို ခွင့်တိုင်ပါတယ်။ ခွင့်မပေးခဲ့ပါဘူး။ အဲဒီနေ့ ပျက်ကွက်ရင် အားလုံး အလုပ် ထုတ်ခံရမယ်လို့ ပြောပါတယ်” ဟုလည်း အလုပ်ထုတ်ခံရသည့် အလုပ်သမ မသင်းသင်းစုက ဆိုသည်။

အလုပ်သမားရေးရာ မန်နေဂျာက အသုဘသို့ သွားရောက်လိုသည့် အလုပ်သမား ၄၉ ဦးအနက် ၁၀ ဦးသာ သွားခွင့်ပြုမည်ဟု ပြောကြောင်းလည်း ကာယကံရှင် လုပ်သားများက ဆိုသည်။ သို့သော် ၎င်းတို့ ဘက်မှ လုပ်ခလစာကို ဖြတ်လိုက ဖြတ်နိုင်ကြောင်း၊ နာရေးကိုတော့ သွားလိုကြောင်း တုံ့ပြန် ပြောကြားခဲ့သည်ဟုလည်း သူတို့က ဆက်ပြောသည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများအနက် ၄၈ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး တစ်ဦးသာ အမျိုးသား အလုပ်သမား ဖြစ်သည်။

“နောက်နေ့ အလုပ်ပြန်ဆင်းတော့ နေ့တစ်ဝက်ထိအလုပ်လုပ်ပြီးမှ ကျွန်မတို့ထဲက ကိုးယောက်ကို အလုပ်ထုတ် ပါတယ်။ ကျန်တဲ့သူတွေကိုလဲ မကျေနပ်ရင်အားလုံး အလုပ်ထွက်လို့ ပြောပါတယ်။ ပြီးတော့ လုံခြုံရေးတွေနဲ့ဝိုင်းပြီး လမ်းပေါ်ကို ဆွဲထုတ်ပါတယ်။ ဖိနပ်တွေတောင် ယူခွင့်မရပါဘူး” ဟု အလုပ်ထုတ်ခံရသူ မစန်းထွေးက ပြောသည်။

ထို့ပြင် နောင်တွင် ထိုကဲ့သို့ အလုပ်သမားများမလုပ်စေရန် ယင်းစက်ရုံ၏ အခြေခံ အလုပ်သမားသမဂ္ဂက တာဝန်ယူ ရန် လစဉ် အလုပ်ရှင်နှင့် တွေ့ဆုံပွဲတွင် ကတိပေးခဲ့ရကြောင်းလည်း သမဂ္ဂ၏ အတွင်းရေးမှူး ကိုနန္ဒကျာ်စွာက မဇ္ဈိမကို ပြောသည်။

“နောက်တစ်ကြိမ် အလုပ်သမားတွေ ဒီလိုမလုပ်ဖို့ ကျွန်တော့်ကို တာဝန်ယူခိုင်းပါတယ်။ နောက်တစ်ကြိမ် ဒီလိုဖြစ်ရင် ကျွန်တော့်ကို အလုပ်ထုတ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို အလုပ် ထုတ်မယ့်အကြောင်းတော့ မပြောပါဘူး။ နေ့လယ်ရောက်တော့ အလုပ်ထုတ်ခံရတယ်လို့ ကျန်တဲ့ အလုပ်သမားတွေ ပြောပြလို့ သိရပါတယ်” ဟု ကိုနန္ဒကျော်စွာက ဆက်ရှင်းပြသည်။

သူက “လာမယ့် တနင်္လာနေ့မှာ အလုပ်သမားတွေကို ပြန်လည် အလုပ်အကိုင်ရရှိဖို့ တင်ပြသွားဖို့ ရှိပါ တယ်” ဟုလည်း ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် အဆိုပါစက်ရုံကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် မန်နေဂျာ စက်ရုံတွင် မရှိသည့်အတွက် ပြန်လည်ဖြေကြားမည့်သူ မရှိကြောင်း တာဝန်ကျဝန်ထမ်း တစ်ဦးက ပြောသည်။

Myanmar Winery & Distillery ကုမ္ပဏီသည် Grand Royal ၀ီစကီအပါအ၀င် အရက်နှင့် ၀ိုင်တံဆိပ် ၁၃ မျိုး ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။

ကေဇင်ဦး
Mizzima - News in Burmese