မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ တခြားလူတွေထက် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းများပြီး စိုက်ပျိုးရေးမှာ ဓာတ်မြေသြဇာတွေ အသုံးများတဲ့အတွက် ဖြစ်ရတယ်လို့ သြဂဲနစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းနဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ကတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက် ကတည်းက တင်သွင်းလာတဲ့ဓါတ်မြေသြဇာတွေနဲ့ ဓါတုဗေဒဆေးဝါးတွေ ပါဝင်တဲ့ မြေဆီတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့တဲ့အတွက် စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ တောင်သူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပြီး ခုဆိုရင် ကင်ဆာဌာနမှာ မြို့သူမြို့သားတွေထက် တောင်သူလယ်သမားတွေ ဆေးကုသမှုခံယူတာ ပိုများနေတယ်လို့ သဘာဝနည်းအတိုင်း စိုက်ပျိုးရေးလုပ်တဲ့ သြဂဲနစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း ပညာပေးနေသူ ဦးသက်ပိုင်စိုးက အခုလိုပြောပါတယ်။
“Chemical သုံးပြီး စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ အသက်အန္တရာယ်ထိ ထိခိုက်ဆုံးရှုံးရတဲ့ ပြဿနာတွေ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့ ကင်ဆာဌာန လိုဟာမျိုးမှာသွားပြီးတော့ လေ့လာကြည့်မယ်ဆိုရင် ကင်ဆာဌာနမှာက မြို့သူမြို့သားအလွန်နည်းပါးပြီး တောသူတောင်သားတွေ ကင်ဆာဌာနမှာ ရောက်နေကြတယ်၊ ဘာကြောင့်လဲဆိုတော့ တောသူတောင်သားတွေက လယ်ယာမြေထဲမှာ အလုပ်လုပ်ကြတော့ သူတို့အများဆုံးသုံးစွဲတာကလည်း ခုနကပြောတဲ့ chemical လို့ခေါ်တဲ့ ဒီစိုက်ပျိုးရေးသုံး ဓါတုဆေးဝါးတွေကိုသုံးတယ်။”
မြန်မာနိုင်ငံတွင် စားသောက်ကုန် အသီးအနှံများအား စိုက်ပျိုးရာ၌ ဘေးထွက်ဆိုးကျိုးများသည့် ဓာတ်မြေသြဇာများအသုံးပြု စိုက်ပျိုးနေမှုကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံက ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာ့ ဒုတိယ အများဆုံးဖြစ်နေပြီး ဘေးထွက်ဆိုးကျိုးတွေများတဲ့ ဓာတ်မြေသြဇာတွေကို စိုက်ပျိုးရေးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့အတွက် ဖြစ်နိုင်တယ်လို့ fame ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်လွင်က ပြောခဲ့တယ်လို့ သိရပါတယ်။
ဓာတ်မြေသြဇာကြောင့် လူ့ကျန်းမာရေး ထိခိုက်နေရသလို စိုက်ပျိုးမြေ မြေဆီလွှာနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နေတဲ့အတွက် မြန်မာနိုင်ငံက တောင်သူတွေ သဘာဝနည်းစနစ်နဲ့ စိုက်ပျိုးတဲ့ သြဂဲနစ်သီးနှံ စိုက်ပျိုးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။ သြဂဲနစ်သီးနှံတွေကို စိုက်ပျိုးခြင်းအားဖြင့် အာဟာရ ပြည့်ဝတဲ့ အသီးအနှံတွေရရှိပြီး၊ သီးနှံအထွက်စောသလို၊ ဈေးကောင်းပိုရနိုင်တယ်လို့လည်း တောင်သူတွေကို ပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ဦးသက်ပိုင်စိုးက ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် မြန်မာသြဂဲနစ်စိုက်ပျိုးရေးအဖွဲ့ကနေ သဘာဝအတိုက် စိုက်ပျိုးသူတွေအတွက် ထောက်ခံချက်လက်မှတ်တွေ ထုတ်ပေးနေပြီး အရင်နှစ်တုန်းက ထောက်ခံချက်ရရှိသူ ၁၅ ယောက်သာ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ သြဂဲနစ်သီးနှံစိုက်ပျိုးသူ အယောက် ၄၀ ကျော်လာပြီဖြစ်ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။
ABC Radio Australia.