Home » » ရန်ကုန်တိုင်းတစ်ခုတည်းတွင်ပင် သိမ်းထားသည့် မြေဧကပေါင်း လေးသောင်း နီးပါးရှိ

ရန်ကုန်တိုင်းတစ်ခုတည်းတွင်ပင် သိမ်းထားသည့် မြေဧကပေါင်း လေးသောင်း နီးပါးရှိ

Written By Unknown on Friday, August 16, 2013 | 10:16 AM

ရန်ကုန်တိုင်းတစ်ခုတည်း၌ပင် အစိုးရစီမံကိန်းများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် သိမ်းဆည်းထားသည့် မြေစုစုပေါင်း ဧကလေးသောင်းခန့်ရှိကြောင်း တောင်ဥက္ကလာပမဲဆန္ဒနယ်မှ လွှတ်တော် အမတ် ဦးအောင်သိန်းလင်းက သြဂုတ် ၁၅ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ သိမ်းဆည်းထားသည့် မြေဧကများသည် ပြည်ထောင်စုလွှတ်တော်၏ လယ်နှင့်အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်သို့ တင်ပြလာသည့်တိုင်စာများအရ သိရှိခဲ့ရခြင်းဖြစ်ပြီး တိုင်စာရောက်မလာသည့် မြေသိမ်းမှု များလည်း ရှိနေနိုင်သေးသည်ဟုပင် ဦးအောင်သိန်းလင်းက ဆိုသည်။

ထိုသို့ သိမ်းဆည်းထားသည့်မြေများသည် လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်လောက်မှ စတင်ခဲ့သည့်အတွက် မူလပိုင်ရှင်များ မှာ ယခုအချိန်ထိ ခက်ခက်ခဲခဲ ရုန်းကန်နေရသောကြောင့် အစိုးရက အမြန်ဖြေရှင်းဆောင်ရွက်ပေးသင့်ပြီဟုလည်း ဦးအောင်သိန်းလင်းက လွှတ်တော်တွင် ပြောခဲ့သည်။

“အမြန်ဖြေရှင်းဆောင်ရွက်ပေးရန် ကြန့်ကြာမှုများ၊ တုံ့နှေးမှုများ ဖြစ်ပေါ်နေလို့ရှိရင် မိမိတို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဥပဒေနဲ့အညီ အမြန် ဖြေရှင်းဆောင်ရွက်ပေးရေး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကို တောင်းဆိုအပ်ပါတယ်” ဟု ၎င်းက တောင်းဆိုသေးသည်။

လွှတ်တော်တွင် မြေသိမ်းမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် မြန်အောင်အမတ် ဦးကျော်မြင့်ကလည်း “စီမံကိန်း လုပ်မယ်ဆိုပြီး၊ ပိုင်ရှင်တွေဆီကနေသိမ်း၊ စီမံကိန်းက အကောင်အထည်မပေါ်တော့ ပြန်မပေးဘဲနဲ့ ရောင်းစား တာတွေလည်း ရှိနေပါတယ်”ဟု သူ့အတွေ့အကြုံကို ရှင်းပြခဲ့သည်။

အမတ်များဖြင့် ဖွဲ့ စည်းထားသည့် မြေသိမ်းမှု စုံစမ်းရေးကော်မရှင်က ၎င်းတို့စုံစမ်း တွေ့ရှိခဲ့သည်များကို လွှတ်တော် ကို အပိုင်းအလိုက်ခွဲ၍ တင်ပြခဲ့ရာ အပိုင်း ၃ ကို သြဂုတ် ၁၃ ရက်က တင်သွင်းခဲ့ရာ ယခုလို အမတ်များက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကြစဉ် ထိုကဲ့သို့ ပြောကြားခဲ့ကြခြင်းဖြစ်သည်။

လွှတ်တော်၏ မြေသိမ်းမှု စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ လွှတ်တော်အမတ် ဦးတင်ထွတ်ကမူ ယခင် အစီရင်ခံစာ အပိုင်း ၁ နှင့်၂ တို့ကို တင်သွင်းစဉ် ဇူလိုင် ၈ ရက်ကတည်းကပင် ယင်းအစီရင်ခံစာ ဆွေးနွေးစဉ်ကပင် မြေသိမ်းမှုများကို လွှတ်တော်က ဖော်ထုတ်ရုံသာတတ်နိုင်ပြီး တောင်သူများလက်သို့ မြေပြန်ရောက်ရေးမှာ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ပြည်ထောင်စုအစိုးရတွင်သာ တာဝန်ရှိသည်ဟု ပြောကြားထားသည်။

မြေသိမ်းမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ အပိုင်း ၁ နှင့် ၂ တို့ကို လွှတ်တော်တွင် တင်သွင်းစဉ်က အမတ် ၄၅ ဦး ဆွေးနွေးခဲ့ရာ အစိုးရနှင့်စစ်တပ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ယခု အပိုင်း ၃ ကို လွှတ်တော်တွင် တင်ရာတွင်လည်း လွှတ်တော်အမတ် ၂၀ ဦးအထိ ဆွေးနွေးကြမည် ဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese