Home » » သတ္တုတွင်းဝန်ကြီးဟောင်းရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် လက်ပံတောင်းဒေသခံများ လက်မခံ

သတ္တုတွင်းဝန်ကြီးဟောင်းရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် လက်ပံတောင်းဒေသခံများ လက်မခံ

Written By Unknown on Friday, August 16, 2013 | 3:05 AM

သတ္တုတွင်းဝန်ကြီးဟောင်း ဦးသိန်းထိုက်(လက်ရှိပြည်ထောင်စု စာရင်းစစ်ချုပ်)က လက်ပံတောင်း တောင်ဒေသခံတွေနဲ့ ဒီကနေ့တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်လို့ပြောခဲ့ပေမယ့် ဒေသခံတွေက လက်ခံခြင်းမရှိဘူးလို့ မိုးကြိုးပြင်ရွာဒေသခံတွေက ပြောပါတယ်။

ဦးသိန်းထိုက်နဲ့အဖွဲ့ဟာ ဒီကနေ့မွန်းလွဲ ၂ နာရီက မိုးကြိုးပြင်အလယ်ရွာဘုန်းကြီးကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ဒေသခံလယ်သမားတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မိုးကြိုးပြင်ရွာသူ မခင်ပြုံးက ခုလိုပြောပါတယ်။

“သူတို့က ဖွံ့ဖြိုးရေး ဘယ်လိုလုပ်ပေးမယ်ဆိုတာ ပြောပါတယ်ရှင့်၊ ကျမတို့ရွာက ဦးသန်းထွန်းကထပြီး ကျနော်တို့ရွာက ဖွံ့ဖြိုးရေးက အဓိကမကျပါဘူး၊ အဓိကကျတာ ထမင်းရှိဖို့ ဆန်ရှိဖို့က အဓိကကျတဲ့အတွက် ကျနော်တို့မြေတွေကို မရောင်းနိုင်ပါဘူးလို့ ပြောလိုက်ပါတင်ရှင့်၊ အဲလိုပြောလိုက်တော့ သူတို့ကဟောပြောပွဲကို သိမ်းသွားပါတယ်”

ဝန်ကြီးနဲ့လိုက်ပါလာတဲ့ တရုတ်လူမျိုးနှစ်ဦးကလည်း စကားပြန်ကတဆင့် လယ်သမားတွေကို လိုက်လံတွေ့ဆုံပြီး မြေယာလျော်ကြေးယူဖို့ ပြောဆိုတယ်လို့ဆိုပါတယ်။ အလားတူ လက်ပံတောင်းဒေသ စည်ပင်သာယာနယ်နိမိတ်က ဖျက်သိမ်းထားတဲ့ရွာနှစ်ရွာမှာ နေထိုင်လျက်ရှိသူများစာရင်းကို မြို့နယ်လဝကအဖွဲ့က စာရင်းလာကောက်ယူပါတယ်။ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးအာလောကက ခုလိုမိန့်ပါတယ်။

"ဒီ ဇီးတော၊ ဆည်တဲဟာ တကယ်တော့ ပြည်ထဲရေးကနေပြီးတော့ ရွာဟောင်းမှာ နံမည်မရှိတော့ဘူးပေါ့၊ ဒါပေမယ့် တိုင်းရဲ့လဝကနေပြီးတော့ သွားတာသွားလိုက် ဒီစာရင်းထဲမပါပေမယ့် သူတို့က သူတို့အလုပ်သူတို့လုပ်တာ၊ ငါတို့က ငါတို့အလုပ်လုပ်ရမှာပဲဆိုပြီးတော့ သူတို့ပြောစကားအရ ဒီဇီးတော၊ ဆည်တဲကိုလာပြီးတော့ အိမ်ထောင်ခွဲလေးတွေအတွက် စာရင်းလာကောက်တယ်ပေါ့ဗျာ"

ခုလိုစာရင်းကောက်တာကို ဒေသခံတွေက လက်မခံတာကြောင့် လဝကအဖွဲ့ဟာ ရွာတွင်းမှာခေတ္တသာနေပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

RFA Burmese