Home » » တောင်ပြို၍ မြဝတီကားလမ်းပိတ်သဖြင့် ထိုင်းကုန်စည်များ ဈေးတက်

တောင်ပြို၍ မြဝတီကားလမ်းပိတ်သဖြင့် ထိုင်းကုန်စည်များ ဈေးတက်

Written By Unknown on Friday, August 2, 2013 | 7:39 PM

မော်လမြိုင်၊ သြဂုတ် ၁

မိုးသည်းထန်စွာ ရွာသွန်း၍ ကရင်ပြည်နယ် ဒေါနတောင်တန်း မြေပြိုပြီး ရေကြီးသည့် အတွက် မြဝတီ-မော်လမြိုင် သွားသည့် မော်တော်ယာဉ်လိုင်းများ ရပ်နားထားရကာ ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်း မြင့်တက် လာကြောင်း မော်လမြိုင်ဈေးမှ ကုန်သည်များက ပြောကြားသည်။

အဆိုပါ မြေပြိုမှုကြောင့် မော်လမြိုင်-မြဝတီသို့ သွားသည့် မော်တော်ယာဉ်များ ဇူလိုင် ၂၈ ရက်နေ့မှစတင် ရပ်နားထားရသဖြင့် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

“အကြမ်းဖျင်း ပစ္စည်းတစ်မည်ကို တစ်ထောင်ဝန်းကျင်လောက် တက်တယ်။ ဈေးတက်တော့ အရောင်းအဝယ်လည်း ပါးတယ်။ ကားလမ်း ဆက်ပိတ်နေမယ် ဆိုရင်တော့ ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်နိုင်တယ်” ဟု မော်လမြိုင်အမှတ် (၁) ဈေးမှ ကုန်သည် ဦးရဲဝေလွင်က ပြောကြားသည်။

ခေါက်ဆွဲထုပ် တစ်ပါကင်လျှင် ကျပ် ၄၅၀၀ မှ ၄၈၀၀၊ Birdy ကော်ဖီမစ် တစ်ပါကင်လျှင် ကျပ် ၆၁၀၈၀ မှ ၆၂၁၆၀၊ ပုစွန်တံဆိပ် စားဆီတစ်ပုံးလျှင် ကျပ် ၁၆၂၀၀ မှ ၁၇၂၀၀ နှင့် အိုးတံဆိပ်အချိုမှုန့် တစ်ပါကင်ကို ကျပ် ၃၀၅၀၀ မှ ၃၁၅၀၀ စသည်ဖြင့် အသီးသီး ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။

“နှစ်တိုင်းနီးပါး မိုးတွင်းဆိုရင် တောင်ပြိုတာတို့၊ ရေကြီးတာတို့ ဖြစ်တယ်။ ဒီလိုဖြစ်နေတော့ ဂိတ်နဲ့ လုပ်သားတွေလည်း ဝင်ငွေမရှိတော့ အဆင်မပြေဘူး။ သက်ဆိုင်ရာဌာနတွေကို မြေနိမ့်တဲ့နေရာ ဖို့တာတို့၊ တောင်ကမ်းပါးတွေကို ကမ်းပါးထိန်းတာတို့ လုပ်စေချင်တယ်။ ဒါမှအဆင်ပြေပြေ ကုန်စည် စီးဆင်းနိုင်မယ်” ဟု မော်လမြိုင်-မြဝတီ ယာဉ်လိုင်းပြေးဆွဲလျက်ရှိသည့် ဦးသန်းဝင်းက ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်တန်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောက်ကမ်းပါး၊ ဖြတ်လမ်းကြီး အပါအဝင် နေရာ ၂၀ နီးပါး တောင်ပြို၍ ကားလမ်းများ ပိတ်ဆို့သွားကြောင်း၊ ယင်းနေရာများ ရှင်းလင်းပြီးပါကလည်း မြဝတီ-မော်လမြိုင် ကားလမ်းပိုင်းရှိ ရေကြီးသော နေရာများမှ ရေကျသည်အထိ စောင့်ရမည် ဖြစ်သည့်အတွက် လမ်းပြန်ဖွင့်နိုင်ရန် ၁၅ ရက်ခန့် အထိကြာမည်ဟု ခန့်မှန်းရကြောင်း ၎င်းကဆိုသည်။

ဒေါနတောင်တန်းပေါ်ရှိ မြေပြိုမှုများကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အေးကို ဆောက်လုပ်ရေးမှ ယန္တရားများ၊ ကရင်ပြည်နယ် ပ.ဆ.င မှ ယန္တရားများနှင့် ပြည်ထောင်စု ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ယန္တရားများ အသုံးပြုပြီး ရှင်းလင်းလျက် ရှိကြောင်း ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးခွန်ဖန်ထော့က ပြောကြားသည်။

“တောင်ပြိုတဲ့နေရာက ၂၀ လောက်ရှိတယ်။ သစ်ပင်ကြီးတွေ မိုးကြီးလို့ ပြိုတာတွေလည်း ရှိတယ်။ သြဂုတ်လ ၂ ရက်နေ့လောက် ရှင်းလင်းလို့ ပြီးမယ်ထင်တယ်။ လမ်းတစ်လျှောက်မှာ ရေကြီးနေလို့ ယန္တရားတွေ သယ်ရတာ အဆင်မပြေဘူး။ အဲ့ဒီလိုမဟုတ်ရင် အခုထက်ပိုပြီး စောစော ရှင်းလင်းလို့ ရတယ်” ဟု ဦးခွန်ဖန်ထော့က ပြောကြားသည်။

မော်လမြိုင်-မြဝတီ ခရီးလမ်းတွင် ဒေါနတောင်လမ်းပိုင်းသည် အဓိက အတားအဆီးဖြစ်ပြီး မိုင်ပေါင်း ၂၂ မိုင်ကို တစ်လမ်းသွား စနစ်ဖြင့်သာ မောင်းနှင်ခွင့် ပြုထားသည်။

Dawei Watch

The Voice Weekly