Home » » အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူရှစ်ဦး ထပ်မိ

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူရှစ်ဦး ထပ်မိ

Written By Unknown on Saturday, August 24, 2013 | 11:04 AM

ရန်ကုန်၊ သြဂုတ် ၂၃

ဒုတိယ အစ္စလာမ်ကမ္ဘာဟု တင်စားခံရသည့် အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံဆိုင်ရာသံရုံးကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူများတွင် ပါဝင်သည့် အကြမ်းဖက်သမား ရှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မတ်လအတွင်းမှ စတင်ကာ သြဂုတ်လ ၂၀ ရက်နေ့အထိ မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူနှင့် ပါဝင်ပတ်သက်သူ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းဖမ်းဆီးရမိသူ ၁၄ ဦးတွင် အင်ဒိုနီးရှားနိုင်ငံရှိ နာမည်ကျော် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးနှင့် ခရစ်ယာန် ကက်သလစ်အနွယ်ဝင် ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အကျဉ်းကျခဲ့သော Iqbal Hussaini ဆိုသည့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး ပါဝင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ Iqbal Hussaini ပါဝင်သော အကြမ်းဖက်အဖွဲ့သည် ယခင်ဂျာဗားပြည်နယ် အလယ်ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုကို အသေခံ ဗုံးခွဲမှုတွင် ပါဝင်ပတ်သက်ခဲ့ဖူးကြောင်း ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို ယခုနှစ်မေလအတွင်းက ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူနှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

The Voice Weekly