Home » » ABSDF ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် တင်သွင်းမည်

ABSDF ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် တင်သွင်းမည်

Written By Unknown on Wednesday, August 7, 2013 | 11:20 AM

ရန်ကုန်၊ သြဂုတ် ၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ပြန်လည် ပြင်ဆင် ရေးဆွဲထားသော အခြေခံဥပဒေ ပြင်ဆင်ချက် ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ထံ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဦးသံခဲက သြဂုတ်လ ၆ ရက်၌ ကျင်းပသော ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင် ပြောကြားသည်။

ABSDF အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီတို့ ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ်လ ၁၀ ရက်နေ့ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ထုတ်ပြန်ထားသည်။

ABSDF က ပြင်ဆင်ထားသော အခြေခံဥပဒေ ပြင်ဆင်ချက်တွင် အချက် ရှစ်ချက် ပါရှိကြောင်း ဦးသံခဲက ဆက်လက် ပြောကြားသည်။

အဆိုပါ ပြင်ချက်တွင် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး၊ တိုင်းရင်းသား များ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိစေရေး၊ ဖက်ဒရယ်စနစ် တည်ဆောက်ရေးတို့ကို ထည့်သွင်း ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံနှင့် မကိုက်ညီသောကြောင့် လွှတ်တော်တွင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ လွှတ်တော်ပြင်ပ ညီလာခံများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသင့်ကြောင်း ရှစ်လေးလုံး ပွဲကျင်းပရေး ကော်မတီ မှ ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ဆိုသည်။

သြဂုတ်လ ၆ ရက်နေ့မှ စတင်ပြီး ကျင်းပဖြစ်သော ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက် ကျောင်သားများ၊ တိုင်းရင်းသား ပါတီ များနှင့် ရဟန်း သံဃာ ၂၅ ပါး အပါအဝင် လူဦးရေ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ပွဲကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် သြဂုတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လေးချက် ကို ပြည်နယ်အဆင့် လက်မှတ် ရေးထိုးထားသည်။

ဟိန်းသွင်ထက်

The Voice Weekly