Home » » Yootec စက်ရုံအလုပ်သမားများ လစာတိုးမြှင့်ပေးရေး ဆန္ဒပြ

Yootec စက်ရုံအလုပ်သမားများ လစာတိုးမြှင့်ပေးရေး ဆန္ဒပြ

Written By Unknown on Tuesday, July 9, 2013 | 9:25 PM

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် Yootec အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇ဝ ကျော်ဟာ အခြေခံလစာတွေ တိုးမြှင့်ပေးဖို့ ဒီကနေ့မှာ ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေဖက်က အလုပ်ရှင်နဲ့ ညှိနိုင်းရာမှာ အဆင်မပြေတဲ့အတွက် အခုလို ဆန္ဒပြတာလို့ အလုပ်သမား မခိုင်လင်းမိုးက RFAကို ပြောပါတယ်။

"ကျမတို့က သူတို့ပေးတဲ့ လစာနှုန်းကို လက်မခံနိုင်ဘူးဖြစ်နေတယ်၊ ကျမတို့တောင်းဆိုမှု ၁၅ ချက်လုံးပေါ့နော်၊ အဆင်ပြေသွားရင်တော့ ကျမတို့ရဲ့တောင်းဆိုမှုကို ရပ်တန့်မှာပါ၊ မရရင်တော့ ဆက်လက်ပြီး တောင်းဆိုနေမှာပါ"

စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်နေ့ကို ၉၆ဝ ကျပ်သာရရှိတာကြောင့် နောက်ထပ် ၄ဝဝ ကျပ် ထပ်မံတိုးပေးဖို့ တောင်းဆိုနေကြတာ ဒီကနေ့ဆိုရင် ၄ ရက်ရှိပြီလို့ သိရပါတယ်။

သူတို့တောင်းဆိုချက်တွေထဲမှာ တစ်နေ့တာလုပ်အားခကို တိုးမြှင့်ပေးဖို့၊ တစ်နှစ်တစ်ခါ လစာတိုးမြှင့်ပေးဖို့၊ ဝန်ထမ်းအမျိုးသမီးတွေကို ကွန်တိန်နာ အတင်အချမခိုင်းဖို့၊ ပျက်ကွက်ရက်နဲ့ အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုမဆင်းရင် လစာထဲက ကျပ် ၅ဝဝဝ မဖြတ်တောက်ဖို့၊ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ပေးဖို့နဲ့ အစိုးရရုံးပိတ်ရက်တွေကို အလုပ်ပိတ်ပေးဖို့စတာတွေ အပါအဝင် အချက် ၁၅ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese