Home » » မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ

မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ

Written By Unknown on Wednesday, July 10, 2013 | 4:40 PM

ရန်ကုန်၊ ဇူလိုင် ၉

ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်အော် အနီးရှိ M-3 လုပ်ကွက်တွင် လက်ရှိ စမ်းသပ် တူးဖော်နေသော လုပ်ကွက် သုံးခုမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သော သဘာဝ ဓာတ်ငွေ့သိုက် အသစ် ရှာဖွေတွေ့ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။

PTTEP ကုမ္ပဏီသည် အောင်သင်္ခ ၄၊ ၅ နှင့် ၆ အစမ်း တွင်း သုံးတွင်း ကို ဖေဖော်ဝါရီလမှ စတင်၍ စမ်းသပ် တူးဖော်ခဲ့ပြီးနောက် အဆိုပါ တွင်းများ မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၄ သန်းနှင့် ရေနံစည်ပေါင်း ၂၀,၀၀၀ ကျော် ထုတ်ယူနိုင်ဖွယ်ရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

PTTEP ကုမ္ပဏီသည် အဆိုပါ M-3 လုပ်ကွက်ကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အောင်သင်္ခ ၁ နှင့် ၂ တို့တွင် ၂၀၁၁ ခုနှစ်မှ စတင်၍ သဘာဝဓာတ်ငွေ့ စတင် ထုတ်ယူနေရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ ဒသမ ၁၄ သန်း ထုတ်လုပ်နေကြောင်း စွမ်းအင် ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ယခု အသစ် တွေ့ရှိရသော သဘာဝဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူပြီးပါက ပြည်တွင်းတွင် အသုံးပြုရန် ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ထံမှ သိရသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ၂၀၀၅ ခုနှစ်ကတည်း က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်ယူရေး လုပ်ငန်းသည် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဒုတိယနေရာတွင် ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၄၃၇၂.၂၇၂ သန်းအထိ ရင်းနှီး မြှုပ်နှံထားသည်။

The Voice Weekly