Home » » ခွပ်ဒေါင်းတံဆိပ် ဆက်သုံးမည်ဟု NLD ဆို

ခွပ်ဒေါင်းတံဆိပ် ဆက်သုံးမည်ဟု NLD ဆို

Written By Unknown on Tuesday, July 9, 2013 | 2:39 PM

ရန်ကုန်၊ ဇူလိုင် ၈

နိုင်ငံရေးပါတီများ ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၇ ဇူလိုင် အထိမ်းအမှတ်နေ့တွင် ကျောင်းသားဟောင်း အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယင်းသင်္ကေတကိုသာ ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးပွဲများတွင် ကျောင်းသားများ၏ အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတဖြစ်သော ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၁၉၆၂ ခုနှစ် ကျောင်းသားများအဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ခွပ်ဒေါင်းတံဆိပ်က ပါတီတွေ အာဏာရဖို့ သင်္ကေတ မဟုတ်ဘူး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ အမှတ်တံဆိပ်ပဲ” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ဆိုသည်။

ခွပ်ဒေါင်း အမှတ်တံဆိပ်သည် ကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြု အမှတ်တံဆိပ် ဖြစ်သော်လည်း နိုင်ငံရေးပါတီများ အသုံးမပြုရန် သတ်မှတ်ထားခြင်း မရှိကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

ခွပ်ဒေါင်းအမှတ်တံဆိပ်သည် ကျောင်းသားများကို ကိုယ်စားပြုခြင်း ဖြစ်သော်လည်း ယင်းသင်္ကေတကို အသုံးပြုသင့် မပြုသင့်ဆိုသည်မှာ ပါတီ၏ရည်ရွယ်ချက်နှင့်သာ သက်ဆိုင်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မီးမီးက
ဆိုသည်။

အဆိုပါ ခွပ်ဒေါင်းတံဆိပ်ကို ပါတီလိုဂိုအဖြစ် အသုံးပြုကာ ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ထားသည့် ပါတီနှစ်ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခမောက်သင်္ကေတကို ပါတီလိုဂိုအဖြစ် အသုံးပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ခမောက်လိုဂိုကို ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ခုက အသုံးပြုပြီး ဖြစ်နေသောကြောင့် ခွပ်ဒေါင်းလိုဂိုကို ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီ နာယက ဦးတင်ဦးက ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များတွင် ပြောကြားထားသည်။

အဆိုပါ ခွပ်ဒေါင်း အမှတ်တံဆိပ်ကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့၏ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် စတင်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ ကျောင်းသား လှုပ်ရှားမှုများတွင် အသုံးပြုလျက်ရှိသည်။

ဟိန်းသွင်ထက်

The Voice Weekly