Home » » NLD ဗဟိုလူငယ်ညီလာခံမှ ၂၀၁၅ အမတ်လောင်းများ ရွေးချယ်မည်

NLD ဗဟိုလူငယ်ညီလာခံမှ ၂၀၁၅ အမတ်လောင်းများ ရွေးချယ်မည်

Written By Unknown on Monday, July 15, 2013 | 4:11 PM

ယခုနှစ်ကုန်တွင်ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ညီလာခံမှရွေးချယ်လိုက်သော ပါတီလူငယ်ခေါင်းဆောင်များကို လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် အမတ်လောင်းများ ရွေးချယ်ရန် အစီအစဉ်ရှိကြောင်း ထိုပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

လူငယ်ဗဟိုညီလာခံအဆင့်တွင်ရွေးချယ်မည့် အဆိုပါလူငယ်များကို ပါတီ၏ခေါင်းဆောင်ပိုင်းတွင်လည်းနေရာပေးရန် အစီအစဉ်ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းကဆိုသည်။

NLD ပါတီသည် လူငယ်ညီလာခံကို မြို့နယ်အဆင့်မှစတင်ကာ ခရိုင်၊ တိုင်းနှင့်ပြည်နယ် စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ဗဟိုအဆင့်လူငယ်ညီလာခံကို ဆောင်ရွက်မည်ဖြစ်သည်။

လူငယ်ညီလာခံကျင်းပရေးအတွက် ဗဟိုကော်မရှင်ကို  ဇူလိုင် ၉ ရက်ကတည်းက ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ထိုပါတီက ထုတ်ပြန်ထားသည်။

လူငယ်ညီလာခံလုပ်မည့်ကိစ္စနှင့်ပတ်သက်၍ တိုက်ကြီးမြို့နယ် NLD လူငယ်အလုပ်အမှုဆောင် ကိုစိုင်းမင်းသိန်း က “အခုက ၂၀၁၅အတွက်ဆို ပြင်ဆင်ချိန်က နှစ်နှစ်လောက်ရတယ်။ ဒီနှစ်နှစ်လောက်အတွင်းမှာ ဒီထဲကနေလောက်လောက်လားလားဖြစ်နိုင်လာမယ့် ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းလို့မြင်ပါတယ်” ဟုမှတ်ချက်ပြုသည်။

ယခုလူငယ်ညီလာခံမလုပ်မီ NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ အထွေထွေညီလာခံကို ကျင်းပခဲ့စဉ်က ရပ်ကျေး၊ မြို့နယ်အဆင့်ညီလာခံများတွင် ပါတီဝင်အချင်းချင်း သဘောထားမတိုက်ဆိုင်ဘဲ မိခင်ပါတီကို ပြန်လည် ဆန္ဒပြခြင်း၊ ပါတီဝင်များ အစုလိုက်အပြုံလိုက်နှုတ်ထွက်ခြင်း၊ ညီလာခံတွင် ခိုက်ရန်ဖြစ်ပွားခြင်းများဖြစ်ခဲ့ဖူးသည်။

ကိုစိုင်းမင်းသိန်းက ထိုကိစ္စများနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့ အလုပ်အမှုဆောင် ညီလာခံမှာ ကျွန်တော်တို့ကြားမှာ မကျေလည်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ၊ တဖက်နဲ့တဖက် အားပြိုင်မှုတွေရှိတာကတော့ အမှန်ပဲဗျ” ဟုဆိုသည်။

လူငယ်ညီလာခံတွင်လည်း ယခင်နိုင်ငံလုံးဆိုင်ရာ ညီလာခံကဲ့သို့ ပါတီတွင်း အားပြိုင်မှုများ ရှိနိုင်သလားဟု မဇ္ဈိမ၏ မေးမြန်းမှုကို “လူငယ်မှာကလည်း အားပြိုင်မှုတွေရှိလာနိုင်တာပဲ။ ကောင်းတဲ့ အားပြိုင်မှုတွေကိုတော့ ကြိုဆိုတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးရေချိန်အရ အဖွဲ့အစည်းတွေမှာ အများရဲ့သဘောဆန္ဒနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်တဲ့ အလေ့အကျင့်နည်းသေးလို့ ဖြစ်တာလို့ပဲ ကျွန်တော်က မြင်တယ်ဗျ” ဟု ကိုစိုင်းမင်းသိန်းက ဖြေကြားခဲ့သည်။

လူငယ်ညီလာခံကို ရပ်ကွက် ကျေးရွာ အဆင့်မှ စတင်မကျင်းပဘဲ မြို့နယ်အဆင့်မှ စတင်ကျင်းပမည့် NLD ၏ အစီအစဉ်ကိုလည်း “မြို့နယ်ကစရွေးတယ်ဆိုတာတော့ ကျွန်တော့်အမြင်ပြောရရင် သဘောမကျဘူး။ ရပ်ကွက်ကနေ မြို့နယ်၊ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်းဆိုတာ ပိုပြီးယုတ္တိရှိတယ်” ဟု ထိုပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့မှ ကိုသီဟန်က ဝေဖန်သည်။ ထို့ပြင် ရပ်ကွက်အဆင့်တွင်ပင် ပါတီလူငယ်အများအပြားရှိနေပြီဖြစ်သဖြင့် ရပ်ကျေးအဆင့် ညီလာခံမရှိဘဲ မြို့နယ်အဆင့်တွင် စတင်၍ ရွေးကောက်လျှင် အခက်အခဲအကျပ်အတည်းများရှိနိုင်သည်ဟုလည်း သူက မှတ်ချက်ပြုခဲ့သေးသည်။    

သိင်္ဂီထွန်း
Mizzima - News in Burmese