ဇူလိုင် (၉)ရက်နေ့ 
၆.၇.၁၃ နေ့က စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မူ့ဇုံ ၊ မောင်ကျန်သီးလမ်းမှာရှိတဲ့ လှပသောလှိုင်း ကလေးများ (NEW WAVE) အထည်ချုပ်စက်ရုံမှ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုခဲ့ ကြပါတယ်။
၅.၇.၁၃ ရက်နေ့မှာ လစာထုတ်ပေးတဲ့အခါ အရင်လတွေက ရနေကျ ကျပ် ၈ သောင်းနီးပါး မရကြပဲ ၅ သောင်းကျော်ပဲ ရရှိခဲ့ပါတယ်။ ဘာကြောင့်လစာတွေ နည်းသွားသလဲ ဆိုတာ စက်ရုံ တာဝန်ရှိသူတွေက ရှင်းမပြခဲ့တာကြောင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာလို့  ဆန္ဒပြ အလုပ်သမားတွေက Myanmar News Now ကို ပြောပါတယ်။
အဆိုပါ စက်ရုံဟာ ကိုရီးယား လူမျိုးပိုင် စက်ရုံဖြစ်ပြီး အလုပ်သမာပေါင်း ၈၀၀ ကျော်ရှိပါတယ်။ လစာ ၁ သောင်းကျပ်တိုးပေးဖို့၊ အလုပ်ချိန်လျှော့ပေးဖို့ (အလုပ်ချိန်ကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိသတ်မှတ်ပေးဖို့၊ အခါကြီးရက်ကြီးတွေ ပိတ်ပေးဖို့၊ OT ကြေး သတ်မှတ်ပေးဖို့၊ ဖယ်ရီကိုလောက်ငှအောင်စီစဉ်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ အချက် (၈)ချက်ကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ပါတယ်။
ဒီနေ့ မှာလှိုင်သာယာ ရုံးရှေ့မှာရှိတဲ့ အလုပ်သမားရုံးမှာ အလုပ်သမား ကိုယ်စားလှယ် (၆)ဦးနဲ့ အလုပ်အလုပ်ရှင်ကိုယ်စားလှယ်တို့ ညှိနှိုင်းကြပေမဲ့ ပြေလည်မူ့ မရရှိသေးပါဘူး။
အဆိုပါ အလုပ်သမား ဆန္ဒပြမှုကို ပြေလည်ရေး အတွက် အလုပ်သမား အချင်းချင်း ရိုင်းပင်ကူညီပေးရေး အဖွဲ့မှ အလုပ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေး လျှက်ရှိတယ်လို့ သိရပါတယ်။
သစ်ထူးလွင်