Home » » ကုန်တင်ယာဉ်များ ထားဝယ်မြို့တွင်း စည်းကမ်းမလိုက်နာဟုဆို

ကုန်တင်ယာဉ်များ ထားဝယ်မြို့တွင်း စည်းကမ်းမလိုက်နာဟုဆို

Written By Unknown on Tuesday, July 2, 2013 | 6:05 AM

ထားဝယ်၊ ဇွန် ၃၀

ကုန်တင်ယာဉ်များ သတ်မှတ် လမ်းကြောင်းအတိုင်း ထားဝယ်မြို့တွင်း ဝင်ထွက် ရမည်ဟု စည်းကမ်း ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာက ကြီးကြပ်မှု အားနည်းသောကြောင့် ကုန်တင်ယာဉ်များသည် စည်းကမ်း မလိုက်နာဘဲ လမ်းကြောင်းမရွေး ဝင်ထွက်လျက် ရှိကြောင်း ကုန်စည် ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူခြင်း မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများမှ ခေါက်တို မော်တော်ကားများ၊ ၁၀ ဘီးတပ်နှင့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်ကြီးများ၊ လောင်စာဆီယာဉ်များ မြို့အတွင်း အချိန်မရွေး ဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ဆိုသည်။

မြို့တွင်း ဝင်ခွင့်အတွက် ၁၀ ဘီးနှင့် ၁၂ ဘီးတပ် ကုန်တင်ကားများ ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရန်ပုံငွေအတွက် သတ်မှတ်ထားသည့် ငွေကို ပေးဆောင်ပြီး ယင်းအဖွဲ့မှ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သွားရမည်ဟု စည်းကမ်း ချမှတ်ထား သော်လည်း စည်းကမ်း လိုက်နာမှုကို ကြီးကြပ်မပေးသည့် အတွက် လမ်းကြောင်းမရွေး သွားလာနေခြင်း ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံများက ဆိုသည်။

“စနစ်တကျ စည်းကမ်း သတ်မှတ်ပေးပြီး အရေးမယူကြတော့ လိုက်နာဖို့ ခက်တယ်” ဟု စွမ်းထက် ကုန်စည် ပို့ဆောင်ရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

စနစ်တကျ စည်းကမ်း ချမှတ်ပေးပြီး ထိရောက်စွာ အရေးယူမည်ဆိုလျှင် လိုက်နာမည် ဖြစ်ကြောင်း ၎င်းကဖွင့်ဟ ပြောဆိုသည်။

“ခေါက်တိုနဲ့ မသယ်နိုင်တဲ့အခါ ကုန်တင်ကားကြီးတွေကို စိစစ်ပြီး လမ်းကြောင်း သတ်မှတ်ပေးပြီးမှ မြို့ထဲ ဝင်ခွင့်ပေးတယ်” ဟု ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောကြားသည်။

ခေါက်တိုကားများသည် ဈေးအချိန်တွင် ဈေးအနီး ပစ္စည်းချခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျောင်းဆင်းကျောင်းတက် ချိန်များတွင် ကျောင်းသားကျောင်းသူများအတွက် အန္တရာယ် ရှိနိုင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ မြောင်းပုလဲ အ.ထ.က(ခွဲ) အနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ ဒေသန္တရ ဥပဒေအသစ်တွေကို လွှတ်တော်မှာ တင်ပြဖို့ရှိတယ်။ လွှတ်တော်က အတည်ပြုပေးပြီးရင် အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဦးပိုသိန်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့၌ ၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့တွင်း မဝင်ရ၊ ခေါက်တိုကားများ ရုံးချိန် အတွင်း အာဇာနည်လမ်း ( ကရပ်ပြင် လမ်းဆုံမှ လမ်းဆုံကြီး) အတွင်း မဝင်ရ ၊ ခေါက်တိုယာဉ်ဖြင့် မသယ်နိုင်သည့် ကုန်များအတွက် ၁၀ ဘီးတပ် ၊ ၁၂ ဘီးတပ် ကုန်တင်ကားများ မြို့ထဲဝင်လိုလျှင် ခရိုင်မထသ၏ ခွင့်ပြုချက်အရ ယင်းကော်မတီမှ သတ်မှတ်ပေးထားသည့် လမ်းကြောင်း အတိုင်း သွားရမည်စသည့် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း ကုန်စည်ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

Dawei Watch

by The Voice Weekly