Home » » ဘဂ္ဂဒက်တွင် ကားဗုံးများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် လူ ၆၅ ဦး သေဆုံး

ဘဂ္ဂဒက်တွင် ကားဗုံးများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် လူ ၆၅ ဦး သေဆုံး

Written By Unknown on Sunday, July 21, 2013 | 9:44 AM

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် စနေနေ့ (ဇူလိုင် ၂၀) ညနေပိုင်း မှောင်စပျိုးချိန်တွင် ကားဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ ၆၅ ဦးသေဆုံးကြောင်း သိရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ရမ်မဒန်ကာလဖြစ်သည့်အလျောက် ဘဂ္ဂဒက်လမ်းများပေါ်တွင် ဈေးဝယ်သူများ စည်းကားနေစဉ် ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် ဆေးရုံ သတင်းရင်းမြစ်များက ပြောကြားသည်။

၎င်းတို့၏အဆိုအရ ဘဂ္ဂဒက်တွင် ကားဗုံးပေါက်ကွဲမှု ၁၂ ခုနှင့် လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုတို့ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၀ ဝန်းကျင်ရှိသည်။ ကားဗုံးခွဲတိုက်ခိုက်မှု ၂ ခုမှာ ဈေးဆိုင်ခန်းများ စည်းကာရာ ဘဂ္ဂဒက်အလယ်ပိုင်းရှိ ကာရာဒါတွင်ဖြစ်ပွားခဲ့သည်။ ကာရာဒါတွင် ဖြစ်ပွားသည့် ကားဗုံးပေါက်ကွဲမှုတွင် လူ ၁၂ ဦးသေဆုံးခဲ့သည်။ အခြား ဗုံးပေါက်ကွဲမှု ၄ ခုမှာ ဘဂ္ဂဒက်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဘဂ္ဂဒက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့တွင်လည်း ဗုံးခွဲတိုက်ခိုက်မှု ၂ ခုစီ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဘဂ္ဂဒက်တောင်ပိုင်းတွင် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုတွင် လမ်းမပေါ်တွင် စုဝေးနေသည့် လူငယ်အုပ်စုတစ်စုအကြားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

ဘဂ္ဂဒက်မြောက်ပိုင်း မိုဆူးလ်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မိုဆူးလ်မြို့ အရှေ့တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုတွင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦး အပါအဝင် ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စနေနေ့တွင် ဖြစ်ပွားသည့် ဗုံးခွဲတိုက်ခိုက်မှုများမှာ ဘဂ္ဂဒက်မြောက်ပိုင်းရှိ ဆွန်နီမွတ်ဆလင်မ် ဗလီတစ်ခုတွင် လုအုပ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားအပြီး နောက်တစ်ရက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဆွန်နီမွတ်ဆလင်မ် ဗလီတွင် ဖြစ်ပွားသည့် အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့သည်။ အီရတ်တွင် ၂၀၀၈ ခုနှစ်ကတည်းကစ၍ နိုင်ငံအတွင်း အဆိုရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုများကို ထိန်းချုပ်ဟန့်တားနိုင်ရန် ရုန်းကန်နေရသည်။ ဇူလိုင်လအတွင်း အီရတ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၅၂၀ ရှိပြီဖြစ်သည်။

Planet Myanmar Network