Home » » ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့ ဒေသခံတောင်သူ ၂၀၀ ကျော်တို့ ဆန္ဒပြ

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့ ဒေသခံတောင်သူ ၂၀၀ ကျော်တို့ ဆန္ဒပြ

Written By Unknown on Wednesday, July 17, 2013 | 10:43 AM

ပဲခူးတိုင်း ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ချည်မျှင်နှင့် အထည်စက်ရုံ တည်ဆောက်စဉ် သိမ်းယူခဲ့သည့် လယ်မြေများအနက် ပိုလျှံမြေများ ပြန်ပေးရန် ဒေသခံလယ်သမား ၂၀၀ ခန့်က ဇူလိုင်လ ၁၆ ရက် တွင် ဆန္ဒပြ တောင်းဆိုကြသည်။

၁၉၇၄ ခုနှစ်တွင် ချည်မျှင်နှင့် အထည်စက်ရုံ တည်ဆောက်ရန် တောင်သူ ၃၀၀ ကျော်ထံမှ လယ်ယာမြေ ၇၀၁ ဧက သိမ်းယူခဲ့ပြီး စက်ရုံအဆောက်အအုံ၊ ၀န်ထမ်းအိမ်ရာ၊ ဧည့်ရိပ်သာ၊ စာသင်ကျောင်း၊ အားကစားကွင်း တည်ဆောက်ပြီး ပိုလျှံမြေ ၃၀၀ ဧက ရှိနေသည်ကို လယ်သမားတို့က ပြန်လိုချင်ကြခြင်း ဖြစ်သည်။

“နိုင်ငံတော်အစိုးရက လိုအပ်တဲ့အခါ အဆောက်အအုံ ဆောက်မယ်ဆိုရင် ပြန်ပေးပါ့မယ်။ လူအများ ကောင်းစားရေးအတွက် အနစ်နာခံပါမယ်လို့ အမျိုးမျိုး အသနားခံစာတင်တာလည်း မရခဲ့ဘူး။ အထက်က ဆုံးဖြတ်မယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ နှစ်သိမ့်ပြီး ပြန်လည် ဖြေကြားတာမျိုးဘဲ ရှိတယ်။ အမြန်ဆုံး ဆောင်ရွက်စေချင်တဲ့အတွက် အခုလို နိုင်ငံတော်အကြီးအကဲတွေ သိအောင် ဆန္ဒဖော်ထုတ်တာပါ” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးဝင်းနိုင်က ပြောသည်။

ထိုလယ်များကို ဓါးမဦးချ တောင်သူများမှ ကုန်သွယ်လယ်ယာသို့ တာဝန်ကျေ စပါးပေးသွင်း လုပ်ကိုင်လာခဲ့ရာ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ချည်မျှင်နှင့်အထည်စက်ရုံသို့ တစ်ဧက စပါးဆယ်တင်းနှုန်း ပေးသွင်းခဲ့ရပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းမှစ၍ လုပ်ကိုင်ခွင့် မရရှိတော့ဟုလည်း လယ်သမားတို့က ဆိုသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese