Home » » ဒုက္ခသည်များ အမိုးအကာနှင့် အစားသောက် အခက်အခဲကြုံ

ဒုက္ခသည်များ အမိုးအကာနှင့် အစားသောက် အခက်အခဲကြုံ

Written By Unknown on Thursday, July 11, 2013 | 7:19 PM

မိုးရွာသွန်းလာပြီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကချင်ဒုက္ခသည် စခန်းတွေမှာ အမိုးအကာနဲ့ အစားအသောက်အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

ကချင်ပြည်နယ် မံစီမြို့နယ်ထဲက နမ့်ခေါင်ပါစခန်းနဲ့ မိုးမောက်မြို့နယ်ထဲက ခပ်ခဲ ကချင်ဒုက္ခသည် စခန်းက အမိုးအကာတွေဟာ ၂ နှစ်၊ ၃ နှစ်နီးပါးရှိလာပြီ ဖြစ်တဲ့အတွက် ဆွေးမြေ့လာပြီး မိုးဒဏ်ကို ဒုက္ခသည်တွေ ခံစားနေရတယ်လို့ ကချင်ဒုက္ခသည် အကူအညီပေးရေး ၀ိန်ပေါင်နန်းတွဲအဖွဲ့က ပြောပါတယ်။

တောင်ပေါ်မှာ တည်ရှိနေတဲ့ စခန်းတချို့မှာလည်း မြေပြိုတဲ့ဒဏ်ကို ခံစားနေရတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ၀ိန်ပေါင်နိန်းတွဲအဖွဲ့ဝင် ဒေါ်မေရီတွမ်က ပြောပါတယ်။

“တပတ်ကျော် မိုးက အဆက်မပြတ် ရွာသွန်းတော့ နမ့်ခေါင်ပါစခန်းမှာ မြေပြိုတာတွေ ဖြစ်တာပေါ့။ မြေသားမြင့်တဲ့ ဘေးဖက်နေရာမှာနေတဲ့ အိမ်ထောင်စု ၂ စုလောက် ကျမတို့ ပြောင်းရွှေ့ထားရပြီ။ စောင့်ကြည့်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေတာပေါ့။ နောက် သွားရေးလာရေး ပိုပြီး ခက်ခဲလာတာပေါ့။ ကျန်းမာရေးအရ နာစေး၊ ချောင်းဆိုးတွေ ပိုပြီး အဖြစ်များလာတာပေါ့။ တုတ်ကွေးတို့ ဘာတို့ပေါ့။ ဒုက္ခသည် စခန်းတွေက ၂ နှစ်ကျော်လာပြီ။ ဆောက်ထားပေးတာလည်း ၅ ထပ်သား၊ ၃ ထပ်သားတွေနဲ့ပဲ ဆိုတော့ အခုမိုးရွာတဲ့အခါမှာ မိုးယိုတဲ့ တဲတွေရှိတယ်။ ကျမတို့ ပြန်ပြီးမှ ပြုပြင် နေထိုင်ရမယ့် အနေထား ရောက်နေတဲ့ စခန်းတွေလည်းရှိတာပေါ့။ တာပေါ်လင်ရှိရင်လည်း တာပေါ်လင် နဲ့ ကာပေါ့။ တချို့ကျတော့လည်း အဲဒီမှာ ကိုယ်ဘာသာ ကြံဖန်ပြီးတော့ လုပ်ယူရတာပေါ့လေ။”

ကေအိုင်အိုနဲ့ အစိုးရ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ကချင်ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာ ၂ နှစ်နီးပါးရှိလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ထဲက ဒုက္ခသည် ၄၀၀ နီးပါးနေထိုင်နေတဲ့ ပလောင် (တအာဝ်း) ဒုက္ခသည်စခန်းမှာတော့ အထောက်အပံ့အကူအညီတွေ လိုနေသလို မိုးဒဏ်ကို ခံစားနေရတယ်လို့ အကူအညီပေးရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

“ခဏတပြုတ် ဖျားနာတာတွေ အဲဒီဆွေးဝါးတွေ အစ လိုတယ်။ တောထဲမှာ ဒီမိုးကာနဲ့ပဲ တဲထိုးပြီးတော့ နေနေတာ။ မိုးကာနဲ့ဆိုတော့ လေတိုင်ရင်လည်း အဆင်မပြေဘူး။”

ရေရှည်အကူအညီပေးတဲ့သူတွေ မရှိတဲ့အတွက်လည်း ဒုက္ခသည်တွေဟာ အခုလို ရင်ဆိုင် နေရတာလို့ သူက ရှင်းပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာတော့ အမိုးအကာနဲ့ ပတ်သက်လို့ အဆင်ပြေပေမယ့် သွေးလွန်တုပ်ကွေးဖြစ်တာတွေ ရှိနေတယ်လို့ မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောအယ်ကလယ်က ပြောပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)