Home » » နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားခဲ့သူ ကိုဝေဖြိုး အဖမ်းခံရ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားခဲ့သူ ကိုဝေဖြိုး အဖမ်းခံရ

Written By Unknown on Friday, July 12, 2013 | 5:52 AM

Generation Wave(GW)အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဝေဖြိုး ကို ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့မှုကြောင့် ပြည်မြို့ရဲစခန်းက ဖမ်းလိုက်တယ်လို့သတင်းရရှိပါတယ်။

သူ့ကိုပြီးခဲ့တဲ့ ၁ဝ ရက်နေ့က ပြည်မြို့မှာ သင်တန်းတစ်ခုပို့ချဖို့ရောက်နေတုန်း ရဲကတည်းခိုခန်းမှာ လာရောက်ခေါ်ဆောင်ပြီး ဖမ်းဆီးလိုက်တာဖြစ်တဲ့အကြောင်း GW အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမိုးသွေးက RFA ကိုပြောပါတယ်။

"သူကပြည်မှာရောက်နေတာက တခြားအဖွဲ့တစ်ခုနဲ့ပေါင်းပြီး သင်တန်းတစ်ခုကို ပြပေးနေတယ်၊ အဲဒီသင်တန်းအပြီးမှာ သူတည်းနေတဲ့ဟိုတယ်မှာ ရဲတွေကလာပြီး အအေးသောက်ရအောင် ဆိုပြီးခေါ်သွားတယ်၊ ရဲစခန်းရောက်တဲ့အခါ သူ့ကိုဖမ်းလိုက်တယ်ဆိုပြီးပြောတယ်၊ ပြောတော့ ဘာအမှုနဲ့လဲဆိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လမှာတုန်းက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုပြီး ပိုစတာကမ်ပိန်းတစ်ခုလုပ်ထားတာရှိတယ်၊ အဲဒီတုန်းက သူနဲ့အတူပါခဲ့တဲ့လူငယ်နှစ်ယောက်က အဖမ်းခံလိုက်ရပြီး သူကတော့လွတ်မြောက်ခဲ့တယ်ပေါ့၊ အဲဒီမှာ ကိုဝေဖြိုးကို ရဲကတရားခံပြေးအနေနဲ့ စာရင်းထဲမှာထည့်ထားတယ်လေ၊ အဲမှာအခုအမှုနဲ့ ပြန်စွဲတယ်လို့သိရတယ်"

၂ဝ၁၁ ခုနှစ် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကိုဝေဖြိုးနဲ့အခြား ၂ ယောက်ကို ရဲကတရားစွဲတော့ ကိုဝေဖြိုးက တိမ်းရှောင်လွတ်မြောက်သွားပါတယ်။ ကျန်လူငယ် ၂ ယောက်ကို ၂ဝ၁၂ ဖေဖေါ်ဝါရီလမှာ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ဒဏ်ငွေ ၃ သောင်း ဆိုတဲ့အမိန့်ချမှတ်ခံရပြီး ကိုဝေဖြိုးကို တရားခံပြေးအဖြစ် ကြေညာခဲ့တယ်လို့ဆိုပါတယ်။

အခုတော့ ကိုဝေဖြိုးကိုဖမ်းလိုက်ပြီး မနေ့ကတရားရုံးတင်တဲ့အခါ အမှုတွဲဖိုင် ရှာမတွေ့တဲ့အတွက် ရုံးချိန်းကို ရမန် ၂ ပတ်ပေးလိုက်ပြီး ပြည်မြို့အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားတယ်လို့သိရပါတယ်။

RFA Burmese