Home » » အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ခေါင်းဆောင်က ၁၅၀၀တန် ဖုန်းကတ် မဲပေါက်သူ တစ်ဦးကို ရိုက်နှက်မှု ဖြစ်ပွား

အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ခေါင်းဆောင်က ၁၅၀၀တန် ဖုန်းကတ် မဲပေါက်သူ တစ်ဦးကို ရိုက်နှက်မှု ဖြစ်ပွား

Written By Unknown on Wednesday, July 31, 2013 | 8:55 PM

စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့  မြို့မ/ မြို့ကုန်းရပ်ကွက်တွင် ၁၅၀၀ တန် ဖုန်းကတ် မဲနိုက်ရာကနေ အစပြုပြီး ပြဿနာဖြစ်ပွားရာ ဖုန်းကတ် မဲပေါက်သူ ကိုကိုဇော် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အရံမီးသတ် ခေါင်းဆောင် တို့ က ၀ိုင်းဝန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

၃၀၊၇၊၂၀၁၃ ( အင်္ဂါနေ့)တွင် ကောလင်းမြို့ရပ်ကွက်တစ်ရပ်ကွက်လျှင် ၁၅၀၀ တန် ဖုန်းကတ် ၃၀ စီ ခွဲတမ်းချပေး သဖြင့် ရပ်ကွက်တိုင်း မဲနိုက်စနစ်ဖြင့် ချပေးခဲ့ရာ ကောလင်းမြို့ မြို့မ/ မြို့ကုန်းရပ်ကွက် မဲနိုက်ပုံစံမှာ အိမ်ထောင်စု နာမည်များ တစ်ဦးစီ အော်ခေါ်ပြီး ခေါ်ယူခြင်း ခံရသော အိမ်ထောင်စုက တက်ရောက်မဲနိုက်ရပါသည်။

ထိုအခါတွင် ဦးနေ၀င်း နှစ်ဦး ရပ်ကွက်ထဲတွင် ပါရှိနေပြီး တစ်ဦးမှာ ကိုဇော်ဇော်လင်း(ခ)ကိုကိုဇော် (ဖ) ဦးနေ၀င်း ဖြစ်ပြီး နောက်တစ်ဦးမှာ ဦးနေ၀င်း (ဖ) ဦးသာလှ ဖြစ်ပါသည်။ နာမည်စာရင်း အော်ခေါ်သူ ရပ်ကွက်စာရေး ဦးဝေဖြိုးဦးမှ ဦးနေ၀င်းဟု အော်ခေါ်သဖြင့် ကိုကိုဇော်မှ သူမဟုတ်ဟု ယူဆပြီး မထွက်ဘဲ နေနေရာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့မှ ကိုဖိုးအောင်တို့အဖွဲ့မှ “ မင်းကို ခေါ်နေတာ ..လာနိုက်” ဆိုသဖြင့် သွားရောက် မဲနိုက်ခဲ့ရာ ပေါက်သွားပါသည်။ အချိန်ကား ညနေ ၁ နာရီဝန်းကျင် ဖြစ်ပါသည်။

ထို့နောက် မဲပေါက်သဖြင့် စာရင်းဖောင် ဖြည့်ခိုင်းရာ ညနေ ၆ နာရီတွင် တစ်ကြိမ် သွားရောက်စာရင်းဖြည့်ပေးခဲ့ရပါသည်။ ရပ်ကွက်ရုံးကို သွားရောက်ရခြင်းမှာ စာရွက်စာတမ်း၊ မှတ်ပုံတင်များဖြင့် ခေါ်သဖြင့် သွားရောက်ရခြင်း ဖြစ်ပြီး ထိုအချိန်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းစံ၊ အရံမီးသတ်ဦးထွန်းမြင့်နှင့် ဦးတင်အောင် ဆိုသူတို့ ရှိနေပါသည်။
ထိုအချိန်တွင် “ မဲပေါက်တာ မင်း မဟုတ်ဘူး ။ မင်းလည်း ပေါက်တာ မဟုတ်ဘူး ။ မင်းနဲ့ မဆိုင်ဘူး။ ပြန်တော့ “ ဟု ပြောရာ ကိုကိုဇော်မှ ဘာကြောင့် ဘယ်အကြောင်းကြောင့် ဆိုပြီး ရှင်းပြပေးရန် တောင်းပန်သောအခါတွင်လည်း မပေးနိုင်ဘူး။ မင်းလိုကောင်ကို ရှင်းပြနေဖို့ အချိန်မရှိဘူး၊ မင်းက မကျေနပ်ဘူးလားကွာ” ဆိုပြီး “ ခင်ဗျားတို့ကို မကျေနပ်ရအောင် ကျုပ်က ဘာမှ မလုပ်တာ ။ ဘာလို့ မကျေနပ်ရမှာလဲ။ စာရွက်စာတမ်းပြပါ။ ကြည့်ပါရစေ” ဆိုပြီး တောင်းပန်ရာ “ မရှိဘူး။ မသိဘူး။ မင်းက တောင်းရအောင် ဘာအဆင့်ရှိလို့လဲ” ဆိုပြီး မောင်းထုတ်လေရာ လူငယ်ပီပီ “ ခင်ဗျားတို့ ညစ်ပြီ” ဆိုပြီး ပြောလိုက်ရာ ဥက္ကဌရာထူး ၊ ပြည်သူကျိုးပြု မီးသတ်ရာထူးများနှင့် လားလားမှ မဆိုင် အုပ်ချုပ်ရေးမှူးမှ လက်သီး လက်မောင်းတန်းပြီး ၀င်ရောက်ထိုးနှက် လေသည်။ အရံမီးသတ်ကိုထွန်းမြင့်ဆိုသူက နှစ်တစ်လက်မချောင်းဖြင့် ၀င်ရမ်းပြီး အနားရောက်သော် ပါးဘယ်ညာနှစ်ချက် ပစ်ရိုက်ကာ ရုံးပြင်ကို ဆွဲထုတ်တွန်းလွတ်ပစ်လိုက်ပြီး မောင်းထုတ်ခြင်း ခံခဲ့ရပါသည်။

အဆိုပါ ဖြစ်ရပ်အား ကိုကိုဇော်မှ မိဘများကို ပြောဆိုသောအခါ မိဘများက သွားရောက်မေးမြန်းသောအခါ မိဘများကိုလည်း မချေမငန် ပြောဆို မောင်းထုတ်ခြင်း ခံခဲ့ရပြီး ကြိုက်သလိုလုပ်၊ ကြိုက်သလိုရှင်း ၊ ကြိုက်တဲ့ရဲ သွားတိုင် ဆိုပြီး ပြောလွတ်လိုက်ပါသည်။

ကိုကိုဇော် မိသားစုမှ မကျေနပ်၍ ရဲစခန်းတွင် သွားရောက်တိုင်ကြားရာတွင် နောက်ကွယ်တွင်မှ ခွဲတမ်းတစ်ကတ်ပေးပါမည် ဖြစ်ကြောင်း တိုးတိုး တိတ်တိတ် ညှိနိုင်းလာပါသည်။ အပြင်တွင်တော့ ဂရုမစိုက်ကြောင်း၊ သေသွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပါသည်။ ထို့အပြင် ရပ်ကွက်ရုံးထဲ ဆူပူသောင်းကျန်းမှုဖြင့် တရားပြန်စွဲမည်ဟု ခြိမ်းခြောက်ထားကြောင်း ကိုကိုဇော် ၏ မိသားစုဝင်များမှ Myanmar News Now ကိုပြောပြပါသည်။

by သစ်ထူးလွင်