Home » » ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လူတစ်ဦး လဲကျသေဆုံး သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ် ကျန်ရှိ

ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လူတစ်ဦး လဲကျသေဆုံး သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ် ကလေးငယ် ကျန်ရှိ

Written By Unknown on Wednesday, July 24, 2013 | 3:41 PM

ရန်ကုန်၊ ဇူလိုင် ၁၉ - သီလဝါမှ ရန်ကုန်ကို ပြေးဆွဲတဲ့ ရထားပေါ်မှာ အသက် ၅၀ နှစ်ခန့်ရှိ အမည်မသိ၊ နေရပ်လိပ်စာမသိ လူတစ်ယောက် သွေးအန်မေ့လဲကာ ဆေးရုံကို ပို့စဉ် လမ်းမှာ သေဆုံးသွားပါတယ်။ သူနဲ့ အတူ သားဟုယူဆရတဲ့ တစ်နှစ်ခွဲအရွယ်ခန့် ကလေးငယ် (ယောကျာ်းလေး)တစ်ယောက်လည်း ပါလာတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဇူလိုင် ၁၉ ရက်နေ့က သီလဝါမှ ရန်ကုန်ကို ညနေ ၃း၄၀ နာရီ ထွက်တဲ့ မြို့ပတ်ရထားပေါ်မှာ ကလေးငယ်နဲ့အတူ စီးလာတာပါ။ သန်လျင် အုတ်ဖိုစု ဘူတာရောက်ခါနီး ညနေ ၅းဝ၀ နာရီ ဝန်းကျင်မှာ သွေးအန်ပြီး မေ့လဲကျသွားပါတယ်။ ဒါကြောင့် ဂတ်ဗိုလ်နဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာ လမ်းမှာတင် သေဆုံးသွားပါတယ်။ သန်လျင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၃ နဲ့ အမှုဖွင့်ထားပါတယ်။ သေဆုံးသူနဲ့အတူ ပါလာတဲ့ ကလေးငယ်ကိုတော့ သန်လျင်မြို့နယ် ရဲစခန်းက ယာယီ စောင့်ရှောက်ထားပါတယ်။

သန်လျင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကလေးက သူ့နာမည်လဲ သူမသိဘူး၊ သေတဲ့သူကို အဖေလို့တော့ ခေါ်တယ်၊ သူ့အဖေသေတော့လဲ သူသိတယ်၊ ငိုလဲ ငိုတယ်၊ ဒါပေမဲ့ သူနေတဲ့နေရာရော၊ အဖေ အမေနာမည်ရော၊ မောင်နှမတွေ နာမည်ရော သူမသိဘူး၊ သူ့ကို ခုတော့ စခန်းမှာ စောင့်ရှောက်ထားပြီး သူ့မိသားစုကို ရှာဖွေပေးနေပါတယ်၊ ကလေးရဲ့ ပြောစကားအရ တာဝဘက်ကလို့တော့ ခန့်မှန်းရတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ အင်္ကျီအနီကွက်၊ ပုဆိုးအနီကွက်စိပ် ဝတ်ဆင်ထားပါတယ်။ ကလေးငယ်ကတော့ အင်္ကျီအစိမ်းရောင်နဲ့ ဘောင်းဘီအနီရောင်ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။

မေဦးကြင်နာနိုင် - Kumudra