Home » » ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း

Written By Unknown on Friday, July 26, 2013 | 12:19 AM

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၁ဝ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီလို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့အတည်ပြု ကြေညာလိုက်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်မယ့် ပြင်ဆင်ချက်မျိုးတွေပါဝင်အောင် လွှတ်တော် ကိုယ်စားလှယ်အားလုံးမှာ တာဝန်ရှိတယ်လို့ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက တိုင်းပြည်ရဲ့အသက်ပေါ့၊ ဥပဒေမှာက ဒီမိုကရေစီနည်းဖြစ်မှ ကျန်တဲ့ဥပဒေတွေက ဒီမိုကရေစီနည်းဖြစ်မှာ၊ အဲဒီဥပဒေအရ အုပ်ချုပ်တယ်၊ တရားစီရင်တယ်၊ ဥပဒေပြုတယ်ဆိုတာက အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကျမှ ကျန်တဲ့အုပ်ချုပ်ရေးပိုင်းရော၊ တရားစီရင်ရေးပိုင်းရော၊ ဥပဒေပြုရေးအပိုင်းရော ဒီမိုကရေစီကျမှာ၊ ဒါကြောင့်မို့လို့ ဒီကောင်မတီအနေနဲ့ ကျန်တဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံး တိုင်းပြည်ကို တကယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မယ်၊ ဒီမိုကရေစီရောက်အောင်သွားမယ်ဆိုရင် ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မျိုးဖြစ်အောင် အားလုံးမှာတာဝန်ရှိပါတယ်”

ပြီးခဲ့တဲ့ ဆဌမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဝက်လက် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အဆိုကိုတင်သွင်းပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရာမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်လုံးက ကိုယ်စားလှယ်အရေအတွက် တူညီစွာပါဝင်ပြီး လွှတ်တော်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေက အနည်းဆုံး ကိုယ်စားလှယ်တစ်ဦးစီ အချိုးကျပါဝင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese