Home » » ဗုဒ္ဓဘာသာ အဆောက်အဦများတွင် လုံခြုံရေးတင်းကြပ်ရန် အိန္ဒိယဗဟို အစိုးရက ပြော

ဗုဒ္ဓဘာသာ အဆောက်အဦများတွင် လုံခြုံရေးတင်းကြပ်ရန် အိန္ဒိယဗဟို အစိုးရက ပြော

Written By Unknown on Monday, July 8, 2013 | 6:17 AM

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ မဟာဗောဓိဘုရားကြီးတွင် တနင်္ဂနွေ နံနက် အရုဏ်တက်ချိန် ဗုံးများ ပေါက်ကွဲခဲ့ပြီး နာရီပိုင်းအကြာတွင် ဗဟိုအစိုးရက ပြည်နယ်များအားလုံးသို့ ဗုဒ္ဓဘာသာ ကျောင်းများ အားလုံးနှင့် တိဗက် ဘုရားကျောင်းများ အားလုံးတွင် လုံခြုံရေး အပြည့်အဝ ချထားရန် ညွန်ကြားလိုက်ကြောင်း PTI သတင်းတရပ်က ဆိုသည်။

ပြည်နယ်များအားလုံးသို့ ပေးပို့လိုက်သော အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာန ညွှန်ကြားချက်တွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာနေရာများ၊ ဝတ်ပြု ကိုးကွယ်ရာ နေရာများ၊ တိဗက်လူမျိုးများ နေထိုင်ရာနှင့် ဘုရားကျောင်းများရှိရာ နေရာအားလုံး အထူးသဖြင့် ဒေလီ၊ မွမ်ဘိုင်း၊ ကိုလ်ကာတာ၊ အာမီဒါဘက်၊ ချင်နိုင်း၊ ဘင်ဂလိုး၊ ဟိုက်ဒရာဘတ် နှင့် ပူနေးတို့တွင် လုံလောက်သော လုံခြုံရေးများ ချထားရန် ညွှန်ကြားထားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး Sushil Kumar Shinde အဆိုအရ ဗုဒ္ဓဂါယာတွင် တနင်္ဂနွေနံနက်ပိုင်းက စုစုပေါင်း ဗုံး ကိုးလုံး ပေါက်ကွဲခဲ့သည်။

“မဟာဗောဓိ ပရဝုဏ် အတွင်းမှာ လေးလုံး၊ ကာမာပ ကျောင်းတိုက်အနီးမှာ သုံးလုံး ပေါက်ကွဲခဲ့ပြီး ဗုဒ္ဓဆင်းတုတော်အနီးနဲ့ တိုးရစ် ဘက်စ်ကား ဂိတ်အပြင်မှာ တလုံးစီ ပေါက်ကွဲခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။

ရရှိထားသော ထောက်လှမ်းရေး သတင်းများအရ အစွန်းရောက် အကြမ်းဘက်အုပ်စုများသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာများကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်လျက်ရှိကြောင်း ယင်းတွင် ဗုဒ္ဓဂါယာလည်း ပါဝင်ကြောင်း ရေးသားထားသည်။ တနင်္ဂနွေနေ့ ဗုဒ္ဓဂါယာတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာ သံဃာတော် တပါးနှင့် တိဗက် လူမျိုးတဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွါးသော ပဋိပက္ခများအပြီး ဖြစ်ပွါးလာနိုင်သည့် အကြမ်းဖက်မှုများအတွက် ဗဟိုအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ် ဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုရားကျောင်းများ ရှိရာနှင့် ဗုဒ္ဓဘာသာဝင်များ အတော်အတန်ရှိရာ နေရာများရှိ ရဲစခန်းအပိုင်နယ်မြေများတွင် လုံလောက်သော အင်အား ချထားရန်နှင့် ထောက်လှမ်းရေး၊ လုံခြုံရေး အစီအမံများ တိုးမြှင့်ပြုလုပ်ထားရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မဇ္ဈိမသတင်းဌာန