Home » » ညောင်ပင်သာစိုက်ကွင်းတွင် နှောင့်ယှက်မှုဖြင့် တောင်သူနှစ်ဦးကို အမှုဖွင့်

ညောင်ပင်သာစိုက်ကွင်းတွင် နှောင့်ယှက်မှုဖြင့် တောင်သူနှစ်ဦးကို အမှုဖွင့်

Written By Unknown on Sunday, July 14, 2013 | 10:18 PM

ဖြူး၊ ဇူလိုင် ၁၃

ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာရှိ ရေလည်မြောင်း စိုက်ကွင်းတွင် ဇူလိုင် ၉ ရက် နေ့လယ် ၁၂ နာရီခန့်က စက်မှုသီးနှံ ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ကျဝန်ထမ်းက ထွန်ယက်မှုများ ပြုလုပ်စဉ် အဆိုပါမြေတွင် လုပ်ကိုင်ခဲ့သည့် တောင်သူ၏ဇနီးနှင့် မောင် တို့က ဟန့်တားနှောင့်ယှက်သည်ဟု ဆိုကာ အမှုဖွင့်ထားကြောင်း ညောင်ပင်သာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်နေလင်းက
The Voice သို့ ပြောကြားသည်။

အဆိုပါ ကျေးရွာရှိ ရေလည်မြောင်း စိုက်ကွင်းတွင် မြို့နယ် စက်မှုသီးနှံဖွံ့ဖြိုးမှု ဦးစီးဌာန တာဝန်ကျဝန်ထမ်းက ထွန်ယက်မှုများ ပြုလုပ်စဉ် တောင်သူဦးမိုးသီး၏ ဇနီး ဒေါ်ဆိုဘီလား အပါအဝင် မောင်ဖြစ်သူတို့က တာဝန်ကို ဆက်လက်မလုပ်ဆောင်နိုင်အောင် တားမြစ်နှောင့်ယှက်ခဲ့ခြင်း ကြောင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါရဲစခန်း၏ ကနဦး တိုင်တန်းချက်များအရ သိရှိရသည်။

အမှုဖွင့်ခံရသူ ဒေါ်ဆိုဘီလားနှင့် မောင်ဖြစ်သူတို့ကို (ပ) ၁၂၃/၂၀၁၃၊ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း ညောင်ပင်သာ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဧပြီ ၂၈ ရက်တွင် တောင်သူ ၅၂ ဦး ကို စိုက်ကွင်းတာဝန်ရှိသူများကို ဟန့်တားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားပြီး ဇွန်လ၂၄ ရက်နေ့တွင် ဖြူးမြို့နယ်တရားရုံး သို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံး၏ အမိန့်အရ ဖြူးမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း အဆိုပါမြေယာ အငြင်းပွားမှု ပြဿနာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောကြားသည်။

လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွား နေသော ညောင်ပင်သာစိုက်ကွင်း ဧက ၂၀၀၀ နီးပါးက ၁၉၇၆ ခုနှစ်တွင် ပြည်သူလုပ်အား နေရာချထားရေးအဖွဲ့ (ပ.လ.ဖ)က ဖော်ထုတ်ပြီး တောင်သူများနှင့် အကျိုးတူ လုပ်ကိုင်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်မှစတင်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြတ်အိနြေ္ဒ ကုမ္ပဏီတို့ အကျိုးတူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ညောင်ပင်သာစိုက်ကွင်းမှူး ဦးသက်ဦးက ရှင်းပြသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဇွန်လလယ်အထိ ရှစ်လတာ ကာလအတွင်း တောင်သူ ၆၀ ကျော်ကို စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာနက အမှုဖွင့် တိုင်ကြားခဲ့ရာ ဖြူးမြို့နယ် တရားရုံးတွင် အမှုပေါင်း ၁၅ မှုဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

The Voice Weekly