Home » » ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် တည်းခိုခဲ့သည့် ဟိုတယ် အခန်းသို့ သမ္မတ ဦးသိန်းစိန် သွားရောက်

ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် တည်းခိုခဲ့သည့် ဟိုတယ် အခန်းသို့ သမ္မတ ဦးသိန်းစိန် သွားရောက်

Written By Unknown on Wednesday, July 17, 2013 | 12:18 PM

ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့၏ ၁၉၄၇ ခုနှစ် အင်္ဂလန် ခရီးစဉ် အတွင်း လန်ဒန်မြို့ The Dorchester ဟိုတယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် အခန်းသို့ ဇူလိုင်လ ၁၅ ရက်နေ့ က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သွားရောက် လည်ပတ်ကြောင်း ခရီးစဉ် အတွင်း လိုက်ပါသွားသည့် သမ္မတ၏ ပြောရေး ဆိုခွင့်ရ ဦးရဲထွဋ်က လူမှုကွန်ရက် စာမျက်နှာ (Facebook) မှ တစ်ဆင့် ထုတ်ပြန် ပြောကြား သည်။

အဆိုပါ The Dorchester ဟိုတယ် လေ့လာရေး ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၏ ကြိုတင် မေတ္တာ ရပ်ခံချက်အရ ဗြိတိန် အစိုးရက စီစဉ်ပေးခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

နှစ်ကာလ ကြာမြင့်ပြီ ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့ရာ မူလ ဟိုတယ် အခန်းကို ပြုပြင်ထား ကြောင်း၊ ယခင် ဗိုလ်ချုပ် တည်းခိုစဉ် ကာလက အတိုင်း မကျန်ရှိသော်လည်း ဟိုတယ် အုပ်ချုပ်ရေး အဖွဲ့က မှတ်တမ်း မှတ်ရာများ သိမ်းဆည်းထားကြောင်း ၎င်းက ဆိုသည်။

“ဟိုတယ်ကို ပြန်လည် မွမ်းမံထားတော့ အခန်း အနေအထား ဖွဲ့စည်းပုံ ပြောင်းနေပေမယ့် အဲဒါက ဟိုတုန်းက ဗိုလ်ချုပ် နေခဲ့တဲ့ နေရာ ပါ”ဟု ဦးရဲထွဋ်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ် ခရီးစဉ်အတွင်း ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများကို မြန်မာပြည်သူများ လေ့လာနိုင်ရန် မြန်မာနိုင်ငံတွင် လာရောက် ပြသနိုင်ရေး ကမ်းလှမ်း ဖိတ်ခေါ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် နေရာသို့ သွားရောက်ခြင်းမှာ အင်မတန် ထူးခြားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း၊ ဗိုလ်ချုပ်၏ သမိုင်းကို ချိုးနှိမ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်နေရာသို့ သွားရောက်ခြင်းမှာ သမ္မတ ဦးသိန်းစိန် အနေနှင့် ပြုပြင်ပြောင်းလဲရေး၌ အလေးထားသည် ကို ဖော်ပြရာ ရောက်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

“သမ္မတကြီးက အာဇာနည်နေ့ အစဉ်အလာကို နားလည်ပြီးတော့ အာဇာနည်တွေကို ဘယ်လို ဂုဏ်ပြု ရမယ်ဆိုတာ သိတဲ့ ခေတ်သစ် မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တွင် ဥသြဆွဲမည့် အစီအစဉ်ကို ပြည်သူ့ဆန္ဒကို အလေးထားသည့် သမ္မတကြီးက အဆုံးအဖြတ်ပေး မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဟိုတယ် အခန်းသည် လွတ်လပ်ရေး ကြိုးပမ်းမှု ခရီးစဉ် အတွင်း မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း မည်သို့ မည်ပုံ တွေးတောခဲ့သည်ကို ပြန်လည် အောက်မေ့နိုင်မည့် ဗိုလ်ချုပ်၏ အငွေ့အသက်များ ကျန်ရှိရာ သမိုင်းဝင် အခန်း တစ်ခန်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ ထိပ်တန်း ဟိုတယ် အချို့တွင်လည်း အမေရိကန်သမ္မတ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ လာရောက် လည်ပတ်စဉ် တည်းခို နေထိုင်ခဲ့သည့် အခန်းများကို အမှတ်တရ အဖြစ် အထူး ထိန်းသိမ်း ထားကြောင်း ယင်းဟိုတယ်များထံမှ သိရသည်။

The Voice Weekly