Home » » အာဇာနည်နေ့ ပန်းခွေချသူကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရ

အာဇာနည်နေ့ ပန်းခွေချသူကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရ

Written By Unknown on Tuesday, July 30, 2013 | 3:02 PM

(၆၆) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တွင် ပန်းခွေချသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆိုခံထားရသူ ကိုသိမ်းမင်းထွန်းက ပြောကြားသည်။

ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တရားလိုပြု၍ တရားစွဲဆိုထားကြောင်းကို ဇူလိုင်လ ၂၇ ရက်နေ့တွင် တရားရုံးတော်က သမ္မန်စာ ရရှိပြီးမှ သိရှိခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့တွင် တရားရင်ဆိုင်မည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“ပုဒ်မ ၁၈၈ ထုတ်တယ်ဆိုတာ တစ်ဆင့်စကားနဲ့ ကြားတာပဲရှိတာ၊ သူတို့တွေအနေနဲ့ ထုတ်ပြန်ထားရင်၊ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ခွင့်မပြုရင် တရားဝင်ကားနဲ့ အသံချဲ့စက်နဲ့ ကန့်သတ်ထားတာကို လူထုကို ကြေညာပေးသင့်တယ်” ဟု တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။

ပြည်မြို့၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ဆိုင်ရာ သတိပေးထုတ်ပြန်ချက်ကို အာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အမိန့်ကြော်ငြာစာ၌ အာဇာနည်နေ့တွင် မြို့နယ်အတွင်း အထိမ်းအမှတ် ကျင်းပမည့် နေရာအဖြစ် သတ်မှတ်ထားခြင်းမရှိသော နေရာများတွင် ပန်းခွေချခြင်း၊ ပန်းခြင်းချခြင်း၊ ဟောပြောဆွေးနွေးခြင်းများ မပြုလုပ်ရန်နှင့် ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၏ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော အမိန့်စာအရ သိရသည်။

by Myanmar News Now